(002MG)
စစ်ရေးပဋိ့က္ခကြောင့် ၅ နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်နေကြရသော ထန်တလန်မြို့ဒေသခံများ နေရပ်သို့ ပြန်လည် အခြေချနေထိုင်နိုင်ရေးအတွက် ဦးဆောင်ကော်မတီများဖွဲ့စည်းကာ စတင်စီစဉ်ဆောင်ရွက်သွားမည်ဟုသိရသည်။
ထန်တလန်မြို့သို့ ဒေသခံပြည်သူများဘေးကင်းလုံခြုံစွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ထန်တလန်မြို့မိမြို့ဖ တချို့နှင့် ဟားခါးမြို့အခြေစိုက် စစ်အုပ်စုတာဝန်ရှိသူများတွေ့ဆုံညှိနှိုင်းခဲ့ကြပြီးနောက် နေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် ဦးဆောင်ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြသည်ဟု ဟားခါးမြို့မှာစစ်ဘေး ရှောင် နေသော ထန်တလန်မြို့ခံတစ်ဦးထံမှသိရသည်။
“အဓိကတော့ ၅ နှစ်ကျော် ၆ နှစ်ရှိလာပြီဆိုတော့ ဒီနိုင်ငံရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံ ပြန်သုံးသပ်တာ ပေါ့လေ။ နောက်စစ်ဘေးရှောင်ဘဝနဲ့ နေတယ်ဆိုရင်လည်း မလွယ်ဘူးလေ။ ဒီဘက်ပေါင်းစုံကနေပြန်သုံးသပ်ပြီးမှ အဓိက ထန်တလန်ပြန်သင့်ပါပြီ။ တကယ်လို့အခုကနေမစလို့ရှိရင် ကျွန်တော်တို့က ၉ နှစ်၊ ၁၀ နှစ်လောက်လည်း ကြာသွား နိုင်တယ်။ မြို့ကလည်း စွန့်ပစ်ထားတဲ့မြို့လိုဖြစ်သွားမှာလေ၊ အခုကတော့ အဆင့်လေးတွေ တဆင့်ချင်းစီ လုပ်ရင် ကောင်းမယ် ထန်တလန်တော့ ဒီအတိုင်းနေလို့မဖြစ်တော့ဘူးဆိုပြီး ဆုံးဖြတ်ချက်အများစုသဘောတူညီချက်နဲ့ ချလိုက်ကြတာပါ” ဟု ၎င်းကပြောသည်။
ထန်တလန်မြို့မိမြို့ဖ ၉ ဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးတို့သည် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က ထန်တ လန်မြို့သို့သွားရောက်ကာ မြို့အခြေအနေများကိုကွင်းဆင်းလေ့လာခဲ့ကြပြီး အောက်တိုဘာ ၁၁ ရက်နေ့မှာ ဟားခါးမြို့ အတွင်းစစ်ဘေးရှောင်နေကြသော ထန်တလန်ပြည်သူများနှင့်တွေ့ဆုံ၍ ၁၆ ဦးပါဝင်သော နေရပ်ပြန်နိုင်ရေးဦးဆောင် ကော်မတီကိုဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။
ယခုကဲ့သို့နေရပ်ပြန်လည်အခြေချနေထိုင်ရေးဆုံးဖြတ်ချက်သည် ဟားခါးမြို့တွင်စစ်ဘေးရှောင်နေကြသော ထန်တလန် မြို့ဒေသခံများ၏ ဆုံးဖြတ်ချက်ဖြစ်ပြီး၊ အခြားသော ကျေးရွာ နှင့် မြို့ကြီးများတွင် စစ်ဘေးရှောင်နေကြသော ထန် တလန်မြို့ခံအများစုကလည်း နေရပ်ပြန်ချင်ကြသည့်စိတ်ဆန္ဒများရှိကြသည်ဟု ၎င်းကပြောသည်။
“ ဒီဟာက စစ်အုပ်စုကို ထောက်ခံလို့လည်းမဟုတ်ဘူး၊ ဒီတော်လှန်ရေးကို အရှုံးပေးတယ်ဆိုတာလည်း မဟုတ်ဘူး၊ ရိုးရိုးရှင်းရှင်းပဲ ထန်တလန်က ဒီပုံစံအတိုင်းဆိုရင် ၁၀ နှစ်၊ ၁၅ နှစ်လည်း ကြာသွားနိုင်တယ်။ အခုကနေ ကျွန်တော်တို့ စလိုက်ရအောင် ရိုးရိုးသားသားနဲ့ ဟိုဖက်ဒီဖက်နဲ့ အဲလိုမျိုးမဟုတ်ပဲနဲ့ ထန်တလန်မြို့ ပြန်ဖို့အတွက် ကိုယ့်ရပ်ရွာဒေသ ကိုပြန်ချင်တဲ့စိတ်နဲ့ စလုပ်ဖို့လိုအပ်ပြီဆိုတဲ့အတွေးနဲ့စတင်ခဲ့ကြတာပါ” ဟု ထန်တလန် စစ်ဘေးရှောင်ကပြောသည်။
နေရပ်ပြန်လည်နေထိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ထန်တလန်မြို့ အတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းရေး၊ မြေမြှုပ်မိုင်းရှင်းလင်းရေး၊ သောက်သုံးရေဖူလုံရေးအပါအဝင် ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားလိုင်းပြုပြင်ရေး လုပ် ငန်းများကို ကနဦးဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းအတွက်အနည်းဆုံး ၂ နှစ်ခန့်အချိန်ယူရနိုင်သည်ဟု သိရသည်။
ဟားခါးမြို့နှင့် ၂၅ မိုင်ခန့်သာကွာဝေးသည့် ထန်တလန်တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စစ်အုပ်စု နှင့် ချင်းတော် လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု၏ အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးမှု နဲ့ စစ်ဒဏ်ကြောင့် ထန်တလန်မြို့တစ်ခုလုံးနီးပါး ပြာကျပျက်စီးခဲ့သည်။
လူဦးရေတစ်သောင်းကျော်ရှိသော ထန်တလန်မြို့ခံပြည်သူများသည်လည်း ထိုအချိန်ကစ၍ ယနေ့ချိန်ထိ စစ်ဘေးတိမ်း ရှောင်ခဲ့ကြရခြင်းဖြစ်သည်။
ထန်တလန်ဒေသခံများသည် ယခုလက်ရှိတွင် ဟားခါးမြို့ပေါ်၌ လူဦးရေတစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး အများစုမှာ ထန်တလန် မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ရန်ကုန်၊ မန္တလေး၊ ကလေးမြို့ နှင့် မီဇိုရမ်ပြည်နယ်တို့တွင် စစ်ဘေးတိမ်းရှောင်နေ ကြရဆဲဖြစ်သည်။
