(006SV)
ချင်းနိုင်ငံရေးသမား ဒေါက်တာ ငိုင်းတမ်မောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၀ ရက်က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄၉/၂၀၂၆) တွင် NUG အစိုးရအဖွဲ့၏ လစ်လပ်သွားသော အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာမှာ ဒေါက်တာ ငိုင်းတမ်မောင်းကို ခန့်အပ်ခြင်းဖြစ်သည်။
ယင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးမှာ ကျန်းမာရေးအရ အဆိုပါရာထူးမှ အနားယူသွား၍ ဒုဝန်ကြီးအဖြစ် တာဝန်ယူထားသော ဒေါက်တာ ငိုင်းတမ်မောင်းက ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။
“ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျန်းမာရေးအရ အနားယူသွားတာကြောင့်ဖြစ်ပါတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
ယနေ့ ကျင်းပသော CRPH ၏ အစည်းအဝေးတွင် ဒေါက်တာ ငိုင်းတမ်မောင်းက အဆိုပါဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ကျမ်းသစ္စာဆိုခြင်းနှင့် နှုတ်ခွန်းဆက်စကားပြောကြားခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
ခန့်အပ်တာဝန်ပေးလိုက်သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်း အနေဖြင့်လည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ကျေပွန်စွာ ဆက်လက် ထမ်းဆောင်သွားနိုင်ပါစေကြောင်း CRPH ဥက္ကဌ ဦးအောင်ကြည်ညွှန့်က ပြောသည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ အဆိုပါဝန်ကြီးဌာန၏ ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီးနောက် ၃ နှစ်ကျော်ရှိလာချိန် လက်ရှိမှာ ဒေါက်တာ ငိုင်းတမ်မောင်သည် ဝန်ကြီးဖြစ်လာခြင်းဖြစ်သည်။
ဒေါက်တာ ငိုင်းတမ်မောင်းသည် ၂၀၂၀ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၆ မှ ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သည်ဟု သိရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ချင်းတောင်ပိုင်း၊ မင်းတပ်မြို့နယ် တော်လှန်ရေး အင်အားစုများ၏ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ နာယကအဖြစ်လည်း စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်သည်ဟုသိရသည်။
ဒေါက်တာ ငိုင်းတမ်မောင်းသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်က BVSc ဘွဲ့ရရှိထားပြီး မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (ရန်ကုန်)မှာ Master of Divinity (MDiv) ဘွဲ့နှင့် စင်ကာပူနိုင်ငံက Counselling School of Singapore Bible College မှာ Master of Art in Counselling (MAC) ဘွဲ့များ ရရှိထားသည်ဟု သိရသည်။
NUG အစိုးရ၏ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒေါက်တာအချမ်း ခန့်အပ်ခံရပြီး ဝန်ကြီးဌာန၏ တာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်းသိရသည်။
ယနေ့ကျင်းပသော CHRP အစည်းအဝေးတွင် NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက တင်သွင်းသော ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် ဥပဒေ (မူကြမ်း)ကို CRPH ကော်မတီက အတည်ပြု ပြဌာန်းပေးခဲ့သည်ဟု သိရသည်။
အစည်းအဝေးသို့ CRPH ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာကော်မတီအဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

