(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်း၊ ဟားခါး နှင့် တီးတိန်တို့မှာ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှုများတွင် ပို့မလောက်ဖြစ်နေကြောင်း အာဏာသိမ်း စစ်တပ်သမ္မတ မင်းအောင်လှိုင်က ပြည်ထောင်စု လွှတ်တော်မှာ မိန့်ခွန်းရှည်ပြောစဉ် ညည်းတွားသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၈ ရက်က လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် စစ်အစိုးရအဖွဲ့ဝင်တချို့နှင့် တိုင်းနှင့် ပြည်နယ်အဆင့် စစ်အစိုးရအဖွဲ့ဝင်များ တက်ရောက်သော ပြည်ထောင်စုလွှတ်တော်မှာ ၂ နာရီခွဲကြာ မိန့်ခွန်း ပြောစဉ် ယင်းသို့ ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။
“အခုဆိုရင် ချင်းပြည်နယ် တီးတိန်တို့၊ ဖလမ်းတို့၊ ဟားခါးတို့မှာ တည်ဆောက်လုပ်ငန်းတွေ လုပ်နေတယ်။ ကျွန်တော် ပေးလို့ကို မလောက်ပါဘူး။ ပို့လို့ မလောက်ပါဘူး။ ကျွန်တော်တို့ တော်တော် ခက်ခဲ ပို့ရပါတယ်” ဟု အာဏာသိမ်း သမ္မတ မင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းမှစတင်၍ ဖလမ်း၊ တွန်းဇံမြို့များကို ချင်းတော်လှန်ရေးတပ်များထံမှ စစ်တပ်က ပြန်လည် သိမ်းယူပြီး နောက် စစ်တပ်အစိုးရသည် ဝန်ကြီးဌာနအသီးသီးမှ ဒုဝန်ကြီးများကို တစ်လှည့်စီ စေလွှတ်၍ ၎င်းတို့ ထိန်းချုပ်ထားသော မြို့များတွင် ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ဝါဒဖြန့်ချီထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်အစိုးရသည် အာဆီယံအဖွဲ့ဝင်ကြေးကို နှစ်စဉ် အမေရိကန် ဒေါ်လာတစ်သန်းခန့် ပုံမှန်ပေးသွင်းသော်လည်း ထိုက်သင့်သော အကူအညီများ မရရှိကြောင်း စစ်ခေါင်းဆောင်က ညည်းညူပြောဆိုခဲ့သည်။
၂၀၂၅ မတ်လက ဖြစ်ပွားသော အင်အားပြင်းငလျင်ကြီးအပြီးမှာလည်း အာဆီယံက အမေရိကန်ဒေါ်လာ ၃၁ သန်းသာ ကူညီ ကြောင်း၊ စစ်တပ်အစိုးရက ပြန်လည်ထူထောင်ရေး အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ သုံးစွဲခဲ့ရကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်များမှလည် ချေးငွေအသစ်နှင့် အကူအညီများ တစ်စုံတစ်ရာ မရရှိကြောင်း မင်းအောင်လှိုင်က ညည်းတွား သည်။
လက်ရှိမှာလည်း ပြည်ပကြွေးမြီလက်ကျန်မှာ အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံကျော် ရှိကြောင်း သိရသည်။
အာဆီယံထိပ်သီးအစည်းအဝေးက မြန်မာအရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များသည် ကျိုးကြောင်းဆီလျော်မှု မရှိသည့်အတွက် အာဆီယံနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်မည်ဟု အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က ပြောသည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ နိုင်ငံတဝန်းတွင်း လမ်းတံတား၊ ရထားလမ်း၊ အဆောက်အဦး၊ ဆက်သွယ်ရေးကွန်ရက်၊ နိုင်ငံပိုင် အဆောက်အဦးနှင့် ယာဉ်များ စသဖြင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ၁၃.၉၈ ဘီလီယံ ထက်မနည်းရှိကြောင်း စစ်အစိုးရ၏ စာရင်းများအရ သိရသည်။
အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၏ ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းတွင် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်ကဏ္ဍနှင့် အာဆီယံအပါအဝင် နိုင်ငံတကာဆက်ဆံရေးမူဝါဒများကို ထည့်သွင်းပြောကြားခဲ့သည်။

