“မိဘပြည်သူများနဲ့ ဆရာ/ဆရာမများခင်ဗျာ… ကျနော်တို့ရဲ့ ရင်သွေးငယ်တွေ၊ ကျောင်းသား/ကျောင်းသူလေးတွေဟာ စူးစမ်းလေ့လာချင်စိတ် အလွန်ပြင်းထန်ကြပါတယ်။ ဒါပေမယ့် သူတို့ မသိလိုက်ဘဲ ရောက်ရှိသွားနိုင်တဲ့ တောစပ်၊ လမ်းဘေး၊ လယ်ကွင်းနဲ့ ကစားကွင်းလို နေရာတွေမှာ မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေရဲ့ အန္တရာယ်က ပုန်းကွယ်နေတတ်ပါတယ်”
မြေမြုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်သောပစ္စည်းတွေဟာ အချိန်ကြာညောင်းလာတာနဲ့အမျှ သံချေးတက်နေတတ်ပြီး အလွယ်တကူနဲ့ မမြင်တွေ့နိုင်သလို အကဲဆတ်တဲ့ အခြေအနေဖြစ်သောကြောင့် ဘယ်အခြေအနေမှာမဆို ပေါက်ကွဲသွားနိုင်တယ်။ ဒါကြောင့် အန္တရာယ်အရမ်းများပါတယ်။
“ဒီလို အသက်အန္တရာယ်ကြီးမားတဲ့ အတားအဆီးတွေကို ကလေးငယ်တွေ ကာကွယ်နိုင်ဖို့အတွက်…”
- ပွင့်လင်းစွာ ပြောပြပါ – ကလေးတွေကို ထင်းရှာ၊ ကျွဲ/နွားကျောင်းသွားတာ၊ အပြင်ထွက်ဆော့ကစားတာတွေကို မလုပ်ဖို့ တားမြစ်ထားရပါမယ်။ တစ်နေရာရာသွားမယ်ဆိုရင်လည်း လူကြီးမိဘပြောပြီးမှ သွားဖို့ သင်ပေးထားရပါမယ်။ ပုံမှန်ဆော့ကစားတဲ့ နေရာတွေမှာတောင်လည်း ထူးဆန်းတဲ့ သံတိုသံစ၊ သံဗူး၊ အရုပ်ပုံစံ ပစ္စည်းတွေကို လုံးဝ မထိဖို့ အမြဲတမ်း သတိပေး ဆုံးမထားပါ။
- စည်းကမ်းသတ်မှတ်ပါ – တစ်ခါမှ မမြင်ဖူးတဲ့၊ သံသယဖြစ်စရာ ပစ္စည်းတစ်ခုခုတွေ့ရင် ကောက်ယူတာ၊ တုတ်နဲ့ထိုးတာ၊ ကျောက်ခဲနဲ့ပစ်တာ လုံးဝမလုပ်ဘဲ လူကြီးမိဘတွေကို လာပြောဖို့ သင်ကြားပေးပါ။
- အသိပေး တိုင်ကြားပါ – ကလေးတွေကတစ်ဆင့် မလုံခြုံတဲ့ ပစ္စည်းတွေအကြောင်း ကြားသိရရင် ဒေသန္တရ တာဝန်ရှိသူတွေ၊ မိဘတွေနဲ့ ကျောင်းအုပ်ကြီးတွေဆီကို ချက်ချင်း သတင်းပို့ဖို့ လမ်းညွှန်ပေးပါ။”
ဆရာ/ဆရာမများနှင့် မိဘများအတွက် လမ်းညွှန်ချက်
- ကျောင်းချိန်အတွင်းနှင့် ကျောင်းအသွားအလာ လမ်းများတွင် ကလေးငယ်များ ဘေးကင်းစေရန် ပုံမှန် သတိပေး ဆွေးနွေးပေးပါ။
- ကလေးများထံမှ အန္တရာယ်ရှိနိုင်သော ပစ္စည်းတွေ့ရှိကြောင်း သတင်းရပါက ကလေးများကို ဝေးရာသို့ ရွှေ့ပြောင်းပြီး တာဝန်ရှိသူများထံ ချက်ချင်း အကြောင်းကြားပါ။
“ကလေးငယ်တွေရဲ့ ဘဝရှေ့ရေးနဲ့ အသက်အန္တရာယ် လုံခြုံရေးဟာ ကျွန်ုပ်တို့ရဲ့ ပူးပေါင်းကာကွယ်စောင့်ရှောက်မှုအပေါ်မှာ မူတည်နေပါတယ်။ ‘မထိနဲ့၊ မကိုင်နဲ့၊ လူကြီးတွေကို ချက်ချင်းသတင်းပို့ပါ’ ဆိုတဲ့ သတိပေးချက်ကို ကလေးတွေကို အမြဲလက်ဆင့်ကမ်းပေးကြပါစို့…”

