By မိုးကျော် – အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှတဆင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အထိ ဘစ်ကားပြေးဆွဲနိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ပေးရန် မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga က အိန္ဒိယဗဟိုအစိုးရအဖွဲ့ထံသို့ တင်ပြတောင်းဆိုခဲ့ကြောင်းသိရသည်။
နယူးဒေလီမြို့ကိုရောက်ရှိနေသော လမ်းပန်းဆက်သွယ်ရေးဝန်ကြီး TJ Lalnuntluanga သည် အိန္ဒိယနိုင်ငံ External Affairs minister Sushma Swaraj နှင့် ဖေဖော်ဝါရီ (၄) ရက်နေ့က တွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ တင်ပြတောင်းဆိုခဲ့ ခြင်းဖြစ်ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။
အိန္ဒိယ External Affairs minister Sushma Swaraj က ကျန်ဖိုင်းနှင့် ကလေးမြို့အကြား ဘစ်ကားပြေးဆွဲခြင်းသည် နှစ်နိုင်ငံအကြား ဆက်သွယ်မူကောင်းမွန်ရန် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ အမြန်ဆုံးအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများအား အမြန်ဆုံးဆက်သွယ်သွားမယ်ဟု ပြောဆိုခဲ့ကြောင်း မီဇိုရမ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောဆိုပါသည်။
ထို့အပြင် မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ဇိုးခေါထားတွင် International Facilitation Center တည်ဆောက်ရန်လိုအပ်ကြောင်းနှင့် ယင်းအတွက်လိုအပ်သော ငွေရေးကြေးများကိုလည်း Sushma Swaraj ထံ တင်ပြတောင်းဆိုခဲ့ပြီး Sushma Swaraj ကလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။