(004SS) ချင်းပြည်နယ် ဟားခါးမြို့ ရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရုန်းတောင် ဗျူဟာတပ်ကုန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။ ယမန်နေ့ ဧပြီလ ၁၅ ရက် ညနေပိုင်းအချိန်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CDF-Hakha, CDF-Thantlang, CDF -Zophei နှင့် CDF-Lautu တို့မှ ဒရုန်းဖြင့် ဗုံး ၃ လုံးကြဲချခဲ့သည်ဟု CDF-Hakha ကထုတ်ပြန်သည်။ ထိုသို့ ဗုံးကြဲခံရမှုကြောင့် တပ်ကုန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုနှင့် သေဆုံးမှုများရှိကြောင်း သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ နောက်ထပ်အချက်အလက်များအား ထပ်မံထုတ်ပြန်သွားမည်ဟု CDF-Hakha က ဆိုသည်။ အဆိုပါဗုံးကြဲတိုက်ခိုက်မှုနှင့် ပါတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် CDF-Hakha တာဝန်ရှိသူထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသေးပေ။ CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးတစ်မြို့လုံး သိမ်းပိုက်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးဖော်ဆောင်ကာ စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားသော နေရာများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ဧပြီလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးများလိုက်ပါလာသည့် ယာဉ်တန်းကို CDF-Hakha က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် ဟားခါးမြို့ပေါ်ရှိ ဝန်ကြီးများသည် ၎င်းတို့အိမ်ယာတွင်ပင် မလုံခြုံတော့ဘဲ ရုန်းတောင်ဗျူဟာတပ်ကုန်းသို့ ရွှေ့ပြောင်းခိုလုံနေကြရကြောင်း အမည်မဖော်လိုသူ သတင်းအရင်းအမြစ်ထံမှ သိရသည်။ “ဧပြီ ၁၂ ရက်နေ့က CDF က ဝန်ကြီးကားတွေကို ပစ်ခတ်ခဲ့တယ်၊ ဒါဏ်ရာရရှိတဲ့သူတွေလဲ ရှိခဲ့တယ်၊ အခုတော့ သူတို့ ပြန်သက်သာလာပြီလို့ကြားတယ်။ ပြီးတော့ အခြေအနေမကောင်းတော့ဘူးပေါ့၊ လုံခြုံရေးအရ ဝန်ကြီးတွေကို ရုန်းတောင်တပ်ကုန်းမှာ ခေါ်ထားတယ်လို့ သတင်းရတယ်” ဟု ၎င်းသတင်းအရင်းအမြစ်က ဆိုသည်။ ဖြစ်စဉ်မှာ…
Author: Editor
(006SV) အာဏာရှင်စနစ်မှန်သမျှကို အပြတ်ချေမှုန်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် နိုင်ငံရေးဘုံရည်မှန်းချက်တူနေသရွေ့ NUG အစိုးရနှင့် လက်တွဲ၍ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အောက်ချင်းငှက် သစ္စာကို တိုင်တည်၍ အဓိဌာန်ပြုကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ပြောသည်။ ယနေ့ ဧပြီလ ၁၆ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ၃ နှစ်ပြည့် အခမ်းအနားကို ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာမှာ ချင်းအမျိုးသားတပ်ဦး CNF ကထိုကဲ့သို့ ကတိပြုခဲ့ခြင်းဖြစ်သည်။ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်၊ ပင်လုံစိတ်ဓါတ်နှင့် အညီ နိုင်ငံရေးအရ တန်းတူမှု ရှိပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရေးအတွက် NUG အစိုးရနှင့် နိုင်ငံရေးဘုံရည်မှန်းချက် တူနေသရွေ့ တလှေထဲ ခရီးဖြင့် ရှေ့ဆက်တော်လှန်တိုက်ပွဲဝင်သွားမည်ဟု CNF က ထုတ်ပြန်သည်။ ၂၀၂၁ ခုနှစ် မေလ ၂၉ ရက်က CNF နှင့် NUG အစိုးရတို့ကြား အချက် ၈ ချက်ပါ နှစ်ဖက်သဘော တူညီချက်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်မှန်သမျှ အပြတ်ချေမှုန်းမည်ဟု CNF က ပြောသည်။ ယနေ့သည် စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအပါအဝင် နွေဦးတော်လှန်ရေး အင်အားစု အသီးသီးမှ စစ်ကောင်စီကို ဖြုတ်ချကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်ခဲ့သည်မှာ ၃ နှစ်ပြည့်ပြီးဖြစ်သည်။ ၂၀၂၁ ခုနှစ်…
(006SV) ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF အနေဖြင့် တော်လှန်ရေး ၃ နှစ်တာကာလအတွင်း တိုက်ပွဲပေါင်း ၁၇၀ ကျော် ပါဝင်ဆင်နွှဲခဲ့ရာတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်းကို သုတ်သင်ရှင်းလင်း နိုင်ခဲ့သည်ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။ “စစ်ကောင်စီဖက်အသေအကြေကတော့ ၃ နှစ်အတွင်းမှာ အတိအကျကြီး ပြောလို့တော့ မရပေမယ့် ခန့်မှန်းခြေက ၇၀၀ နဲ့ ၁၀၀၀ ကြားတော့ သေကြပါလိမ့်မယ်”ဟု ဆလိုင်းကျုံးငိုင်က ပြောသည်။ နွေဦးတော်လှန်ရေး ၃ နှစ်ကာလအတွင်း စခန်းသိမ်းတိုက်ပွဲ ၉ ကြိမ် အပါအဝင် ၁၇၀ ကျော်သော တိုက်ပွဲများအတွင်း ကျဆုံးရဲဘော် အပါအဝင် အမျိုးသားတာဝန်ကို ထမ်းဆောင်ရင်း ကျဆုံးသူ CNDF ရဲဘော် ၄၈ ဦးရှိခဲ့ပြီး မသန်စွမ်းဖြစ်ခဲ့ရသူ ရဲဘော် ၄၂ ဦးထိ ရှိခဲ့သည်ဟုသိရသည်။ တိုင်းပြည်နှင့် အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့ရာမှ မျက်စီကွယ်သွားသော ရဲဘော်များ ကို မျက်မမြင်ကျောင်း ထားပေးခြင်း၊ ရဲဘော်များကို ခြေတု လက်တုများ တပ်ဆင်ပေးခြင်းနှင့် လိုအပ်သော ဆေးဝါး ကုသမှုများကို ပြုလုပ်ပေးနေကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။ “မျက်မမြင်တဲ့ ရဲဘော်တွေကို မျက်မမြင်ကျောင်းထားပေးပြီး အသက်မွေးဝမ်းကျောင်းနိုင်တဲ့အထိ ကျောင်းထားပေး တာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ ခြေတု၊လက်တု တပ်ဆင်ပေးတာမျိုးတွေ လုပ်နေပါတယ်။ ခြေလက်အင်္ဂါ မစုံတဲ့ သူတွေကိုတော့ သူတို့ တာဝန်ထမ်းဆောင်ချင်ရင် သူတို့နဲ့ သင့်တော်တဲ့ ဌာနမှာ ပြန်လည်…
ချင်းပြည်နယ် ထန်တလန်မြို့နယ် တစ်နေရာတွင် Network for Chin Community Development (NCCD)၏ ဦးဆောင်မှုဖြင့် အခြေခံလူထုဖွံ့ဖြိုးရးသင်တန်းကို ဧပြီလ ၈ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါသင်တန်းတွင် လူထုအခြေပြုဖွံ့ဖြိုးရေးအကြောင်း၊ နိုင်ငံရေး၊လူမူရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ ဖက်ဒရယ်၊ ကွန်ဖက်ဒရယ်၊ ဒီမိုကရေစီ ၊လူ့အခွင့်အရေး၊ မဟာဗျူဟာရေးဆွဲခြင်း၊ FPIC အကြောင်းနှင့် NCCD ၏ ဖွံ့ ဖြိုးရေးမူ ၃ ချက်တို့ကို သင်ကြားပို့ချကာ သင်တန်းဆင်း အောင်လက်မှတ်ကိုလည်း ပေးအပ်ခဲ့ကြသည်ဟု သိရသည်။ ထို့နောက် ထန်တလန်မြို့နယ်၊ Tihbual ကျေးရွာမှာ ၃ ရွာစုပေါင်းပြီ ကွန်ယက်စီမံကိန်းကိုလည်းစတင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ကြကြောင်းသိရသည်။ NCCD သည် ချင်းပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ချင်းမြေယာမူဝါဒဥပဒေများအပြင် ကျေးလက်ဒေသမှ ချင်းပြည်သူများအတွက် အခြေခံလိုအပ်ချက်များ ကူညီပံ့ပိုးခြင်း၊ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ခြင်းနှင့် တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် ပံ့ပိုးကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။
(004SS) မလေးရှားနိုင်ငံတွင် ချင်းလူမျိုး အသက် ၈ နှစ်အရွယ် ပီတာဗျက်ထာကျုံးကို လည်ပင်းညစ်သတ်ဖြတ်သွားသူကို ဧပြီလ ၁၅ ရက်ည ၁၁ နာရီခွဲဝန်းကျင်တွင် မလေးရှားရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိကြောင်း သိရသည်။ “သတင်းအရ သူ့ရွာလူကြီးတွေက ဆုံးသွားတဲ့ကလေးရဲ့မိသားစုကို အရင်တောင်းပန်ဖို့သွားကြတယ်၊ ဒါနဲ့ ကလေးမိသားစုဘက်က လူသတ်သမားကိုသာ အရင်ထုတ်ပေးဖို့ တောင်းဆိုကြတယ်၊ မထုတ်ပေးရင် လက်မခံဘူးလို့ ငြင်းဆိုမှ ဒီလူကိုမိတာတဲ့” ဟု နီးစပ်သူတစ်ဦးက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။ ဖြစ်စဉ်မှာ ဧပြီလ ၁၄ ရက်နေ့လည် ၃ နာရီဝန်းကျင်တွင် ကွာလာလမ်ပူမြို့၊ ပူဒူးရပ်ကွက်ရှိ တိုက်ခန်းတစ်ထပ်တည်းတွင် အတူနေထိုင်သော ဟရန်တလိန်းထန်က ပီတာဗျက်ထာကျုံးအား လည်ပင်းညစ် သတ်ဖြတ်ကာ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး မလေးရှားရဲတပ်ဖွဲ့တွေမှ လိုက်လံရှာဖွေနေခဲ့ခြင်းဖြစ်သည်။ ဟရန်တလိန်းထန်သည် ထွက်ပြေးရာမှ သူငယ်ချင်းဖြစ်သူ၏ နေအိမ်သို့ ရောက်ရှိလာပြီးနောက် ရဲတပ်ဖွဲ့ထံအကြောင်းကြားကာ အဖမ်းခံရခြင်းဖြစ်သည်ဟု သိရသည်။ ပီတာဗျက်ထာကျုံးကို သတ်ဖြတ်သွားသူ အသက် ၂၁ နှစ်အရွယ် ဟရန်တလိန်းထန်သည် ချင်းပြည်နယ်၊ ဟားခါးမြို့၊ မီအေဒေသ Hmaikhah ရွာကနေ မလေးရှားနိုင်ငံမှာ နေထိုင်သူဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ၎င်းကို ကွာလာလမ်ပူရဲစခန်းတွင် ထိန်းသိမ်းထားဆဲဟု သိရသည်။
(004SS) မလေးရှားနိုင်ငံသို့ တိမ်းရှောင်ရန်သွားရာလမ်းခုလတ်တနေရာတွင် အမောဆို့၍ သေဆုံးသွားသူ ချင်းလူငယ် CDM ဆရာဝန် ခွါလ်ရှန်းတုန်၏ ရုပ်အလောင်းအား မွေးရပ်ဇာတိသို့ သယ်ဆောင်နိုင်ခြင်းမရှိဘဲ ကရင်ပြည်နယ်ရှိ ရွာတစ်ရွာတွင် ယနေ့ သဂြိုလ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ စစ်ကောင်စီက စစ်မှုမထမ်းမနေရဉပဒေကို အသက်သွင်းပြီးနောက် စစ်မှုထမ်းဆောင်ရန် တနိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်းရှိလာသောကြောင့် ဒေါက်တာ ခွါလ်ရှန်းတုန်သည် မလေးရှားနိုင်ငံသို့ တိမ်းရှောင်ရန်သွားနေစဉ် ဧပြီလ ၁၃ ရက်နေ့က ကရင်ပြည်နယ်တနေရာတွင် အမောဆို့၍ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ သူ၏ ရုပ်အလောင်းကို မွေးရပ်ဇာတိသို့ ပြန်လည်သယ်ဆောင်နိုင်ခြင်းမရှိတော့ဘဲ ကရင်ပြည်နယ်က ရွာတစ်ရွာတွင် ယနေ့ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ခရစ်ယာန်ထုံးတမ်းစဉ်လာအရ သဂြိုလ်လိုက်ကြသည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။ “စစ်တပ်က စစ်မှုထမ်းဖို့ စာရင်းတွေကောက်တာတွေရှိတော့၊ စိုးရိမ်လို့ တိမ်းရှောင်ဖို့ မြေပြင်လမ်းကနေ မလေးရှားသွားဖို့ လောလောနဲ့ ထွက်ခဲ့ရတာ၊ အဲမှာ ခြေလျင်နဲ့သွားတာများတဲ့ပုံပဲ သူက အရမ်းပင်ပန်းတယ်လို့ သူနဲ့သွားတဲ့သူတွေဆီက ကြားတာ၊ သူ့အလောင်းက ကရင်ပြည်နယ်တစ်နေရာမှာ၊ သူက CDM ဆိုတော့ အလောင်းပြန်သယ်ဖို့လဲမဖြစ်ဘူး။ ကရင်ပြည်နယ် ရွာတစ်ရွာမှာ သဂြိုလ်လိုက်ကြတယ်” ဟု အဆိုပါနီးစပ်သူတစ်ဦးက ပြောသည်။ ကွယ်လွန်သွားသူ ဒေါက်တာ ခွါလ်ရှန်းတုန် (ခေါ်) ဒေါက်တာတူတုန်းသည် ချင်းပြည်နယ် တွန်းဇံမြို့နယ်၊ ဆိုင်ပီးမွာလ် ဇာတိဖြစ်ပြီး စစ်တပ်အာဏာမသိမ်းမီက ခွဲစိတ်အထူးကု ပထမနှစ်တက်ရောက်ခဲ့သော်လည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်အနေဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉…
(006SV) ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှင့် Cluster ဗုံး အပါအဝင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် ၃ လအတွင်း အရပ်သားပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။ ၂၀၂၄ ခုနှစ် ၃ လအတွင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး၊ နိုင်ငံတကာက ပိတ်ပင်ထားသော Cluster (ထပ်ဆင့်ပေါင်ကွဲဗုံး) ဗုံး၊ မီးလောင်ဗုံးနှင့် ရောကတ်များအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း CDF – မင်းတပ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ “ပေါင် ၅၀၀ ဗုံးလည်း သုံးတယ်။ Cluster ဗုံးလည်း သုံးတယ်။ ရောကတ်တွေလည်း တော်တော်လေး သုံးတယ်။ နောက်ဆုံးမှာ မီးလောင်ဗုံးတွေပါ ပါတယ်။ တစ်နေရာမှာ သူက ဗုံးလည်းကြဲသွားတယ်။ နေအိမ်အဆောက်အဦးတွေ အထိအခိုက်နည်းပေးမယ့် ၃/၄ ရက်လောက်ကို တောမီးတွေ လောက်ကုန်တယ်။ ဆိုးကျိုးက လေယာဉ်ဗုံးကြဲခဲ့တယ်။ နေစရာတွေ ပျက်စီးတယ်။ ဒီ့အပြင် ပြည်သူတွေက မီးကူးမှာ စိုးလို့လည်း လုပ်ရတယ်။ အဲဒီအချိန်မှာ ကောင်းကင်မှာ ကင်းထောက်လေယာဉ်ကလည်း တောက် လျှောက်အပေါ်က ဝဲပြီးတော့ ဘယ်အချိန်များ ထပ်လာကြဲမလဲဆိုတဲ့ အကြောက်တရားတွေနဲ့ တော်တော်လေးကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်တယ်လို့ ပြောလို့ရတယ်” ဟု CDF -မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့်…
(005MK) မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Abhay Thakur သည် မီဇိုရမ်ပြည်နယ် အရှေ့ပိုင်းရှိ Champhai မြို့သို့ ကြာသပတေးနေ့(ဧပြီ ၁၁ ရက်) က သွားရောက်ခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းဖြစ်သည့် Rih-Zokhawthar သို့ လှည့်လည်ကြည့်ရှုခဲ့သည်။ သံအမတ်ကြီး Thakur သည် Champhai Circuit House တွင် ခရိုင်တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နယ်စပ်ဖြတ်ကျော်ကုန်သည်များနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ပြီးနောက် Rih-Zokhawthar နယ်စပ်ကုန်သွယ်ရေးစခန်းကို သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း All India Radio News ကဖော်ပြသည်။ အိန္ဒိယနှင့် မြန်မာကြား ကောင်းမွန်ခိုင်မာသော ဆက်ဆံရေးသည် အရေးပါပြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမှာ ခွဲထွက်၍မရသော ဆက်စပ်မှုရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန် သွယ်မှုအတွက် ကြီးမားသောစိန်ခေါ်မှုများစွာရှိနေသည်ဟု သံအမတ်ကြီးပြောသည်။ သို့သော်လည်း နယ်စပ်ကုန်သွယ်မှုဆက်ဆံရေး ပုံမှန်အခြေအနေသို့ ပြန်သွားနိုင်ရန် မျှော်မှန်းထားကြောင်း၊ နယ်စပ်ဖြတ် ကျော် တရားမဝင် ကုန်သွယ်မှုကို တိုက်ဖျက်ရန် စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်သွားရန်လည်း သံအမတ်ကြီး က တိုက်တွန်းထားသည်။ ယခုလက်ရှိတွင် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ရှိရာ ချင်းပြည်နယ် ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ နယ်စပ်ကုန်သွယ်ရေးစခန်းကတဆင့် ကုန်သွယ်မှုများဆက်လက်ရှိ နေသော်လည်း စစ်ရေးအခြေအနေကြောင့် ယခင်ကထက် ကုန်သွယ်မှုပမာဏနည်းသွားပြီဟုသိရသည်။
ချင်းပြည်နယ် မင်းတပ်မြို့ပေါ် အရှေ့ပြင်ရပ်ကွက်က လူနေအိမ် ၂၀ ကျော် ယနေ့ နေ့လည် ၂ နာရီခန့်က မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။ မင်းတပ်မြို့အဝင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော မီးတပ်ကုန်းအောက်ဖက်ရှိ နေအိမ် ၂၁ လုံး မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံ Hkl Mindat က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ မီးလောင်မှုဖြစ်ပွားသည့် နေရာဝန်းကျင်သည် စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားသည့်အတွက် မီးငြိမ်းသတ်မည့်ပြည်သူများ မသွားလာရဲကြသောကြောင့် အချိန်မှီ မီးမငြိမ်းသတ်နိုင်ကြဘဲ အလျှင်အမြန် မီးကူးသွားခြင်းဖြစ်သည်ဟု သိရသည်။ ယခုမီးလောင်သည့် နေအိမ်များသည် လူမနေသည့် အိမ်များဖြစ်ကြပြီး အိမ်ရှင်များမှာ စစ်ဘေးရှောင်ကာ အခြားနေရာများသို့ နေထိုင်ကြသူများဟု သိရသည်။ ယနေ့ညနေပိုင်း ၆ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြပြီး မီးလောင်သည့်အကြောင်းရင်းကို မသိရသေးပေ။ မင်းတပ်မြို့ပေါ် ဘ၀သစ်ရပ်ကွက်တွင် ယခုလ ၂ ရက်နေ့တုန်းကလည်း လူနေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ရပြီးဖြစ်သည်။
(005MK) အိမ်နီးချင်း မြန်မာနိုင်ငံတွင် နိုင်ငံရေး စစ်ရေးမတည်မငြိမ်ဖြစ်ပွားနေမှုကြောင့် မိမိကိုယ်ကိုကြိုတင်ကာကွယ်သည့်အနေ ဖြင့် နယ်စပ်ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းဖြစ်သည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar ကပြောဆို လိုက်သည်။ မကြာခင်ကျင်းပတော့မည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ (Lok Sabha) မဲဆွယ်စည်းရုံးရေးအတွက် မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့သို့ ယနေ့ ရောက်ရှိလာသော ဒေါက်တာ S. Jaishankar သည် Hotel Regency တွင် ၎င်းတို့ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်း ‘BJP Mizoram Vision Document’ ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နယ်စပ်အရေးနှင့်ပတ်သက်၍ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ အိမ်နီးချင်းမြန်မာနိုင်ငံ၏ အခြေအနေကို ကြည့်ပါက အိန္ဒိယနိုင်ငံလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရန်လိုအပ်ပြီး ယင်းကိစ္စကို ဦးစားပေးအနေဖြင့်ဆောင်ရွက်လျှက်ရှိကြောင်း ထို့ကြောင့် အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်ရန် စီစဉ်ခြင်းဖြစ်ကာ ကြိုတင်ကာကွယ်ခြင်းသည် အရေးကြီးသည်ဟု ဝန်ကြီးက ပြောဆိုကြောင်း All India Radio က ဖော်ပြသည်။ “အိမ်နီးချင်းနိုင်ငံကနေ မကောင်းမှုဒုစရိုက်တွေ၊ မူးယစ်ဆေးဝါးတွေအမြောက်အများဝင်လာတယ် ဒါဟာ အိမ်နီးချင်း နိုင်ငံက တာဝန်ရှိသူတွေအနေနဲ့ တရားဉပဒေစိုးမိုးရေးထိထိရောက်ရောက်မလုပ်နိုင်တော့တာကြောင့်ဖြစ်တယ်၊ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ မိမိကိုယ်ကိုကြိုတင်ကာကွယ်ဖို့ကအရမ်းအရေးကြီးပါတယ်” ဟု အိန္ဒိယပြည်ပ ရေးရာဝန်ကြီး ဒေါက်တာ S. Jaishankar ကပြောဆိုသည်။ အကယ်၍ မြန်မာ့နိုင်ငံရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပါက အိန္ဒိယအနေဖြင့် နယ်စပ်ခြံစည်းရိုးခတ်ရန် လိုအပ် မည်မဟုတ်ကြောင်း သို့သော်လည်း လက်ရှိပကတိအခြေအနေအရ အဆိုးဘက်ကိုသာဦးတည်နေခြင်းကြောင့် နယ်စပ်တလျှောက်ကိုခြံစည်းရိုးခတ်ကာ ကြိုတင်ကာကွယ်ရေးက ပိုမိုအရေးကြီးသည်ဟု အိန္ဒိယပြည်ပရေးရာဝန်ကြီးက ပြောသည်။ အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ-မြန်မာ နယ်စပ် လွတ်လပ်စွာ လှုပ်ရှားသွားခွင့် FMR…
