ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရွာအနီးတွင် ယမန်နေ့က ယာဉ်တစ်စီး ချောက်ထဲထိုြး ကမှုကြောင့် လူတစ်ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရရှိသည်ဟုသိရသည်။ အောက်တိုဘာလ (၄) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်ခန့်က ဇမ်ရှင်းဟောက် (၁၉) နှစ် (ဘ) ဦးပေါင်ဆွင်းခမ် မောင်းနှင်သည့် SKAT (ဖြူ) ကားတစ်စီးသည် နတ်ဇန်ကျေးရွာမှသဲများ တင်ဆောင်လာစဉ် တွန်းဇံ-ကျီခါးလမ်းတွေန်းဇံမြို့မှ (၅) ဖာလုံခန့်အကွာတွင် အရှိန်မထိန်းနိုင်ဘဲ အနက်ပေ (၁၂၀) ခန့်ရှိသည့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဇမ်ရှင်းဟောက်သည် အခင်းဖြစ်ပွားနေရာတွင်သေဆုံးပြီး ယာဉ်နောက်လိုက် (၂) ဦးဖြစ်သည့် ဆွင်ဗျက်ဆန် (၂၀) နှစ် (ဘ) ဦးဇင့်ရှင်းထန်နှင့် ဒါလ်းဇကပ် (၂၀) နှစ် (ဘ) ဦးထန်ဆွင်း ထောင်တို့သည် ဒဏ်ရာရရှိကာ စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း တွန်းဇံမြို့ဒေသခံတစ်ဦးထံမှ သိရသည်။ ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီး ချောက်ထဲပြုတ်ကျကာ နာကျင်ဒဏ်ရာများနှင့်အသက်သေစေအောင် မောင်းနှင်ခဲ့သူ ဇမ်ရှင်းဟောက်အား ယာဉ် (ပ) ၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄ တို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Author: Editor
ချင်းပြည်နယ်တွင် ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ အသုံးမပြုဘဲ အလှူရှင်များ၏ထောက်ပံ့ငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ “ ဗိုလ်ချုပ်ကြေးရုပ်ကို အလှူရှင် တစ်ဦးက သိန်းသုံးရာလှူဖို့လုပ်ထားတယ် သူကအစအဆုံး တာဝန်ယူပြီးတော့ ပြီးစီးတဲ့ထိ တာဝန်ယူလှူဖို့ရှိတယ် ကျွန်တော်တို့က နိုင်ငံတော် ဘတ်ဂျက်ကိုမသုံးဘူး ဒါကလူထုထည့်ဝင်ငွေနှင့်ပဲ နောက်ပြီးတော့ ဒါကို အသင်းအဖွဲ့တွေ အလှူရှင်နှင့်ပဲလုပ်မှာပါ” ဟု ဦးစိုးထက်ကပြောသည်။ ဗိုလ်ချုပ်ကြေးရုပ်ကို ချင်းပြည်နယ် ဟာခါးမြို့နှင့် ထန်တလန်မြို့တွင်ထားရှိမည်ဖြစ်ပြီး ကြေးရုပ်တုကိုလည်း စစ်ကိုင်းတိုင်းတွင် မှာထားပြီဟု စည်ပင်ဝန်ကြီးကပြောသည်။ ချင်းပြည်နယ်တွင် ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်ထားရှိမည့်ကိစ္စအပေါ် ထန်တလန်မြို့ဒေသခံများက ကန့်ကွက်မှုများရှိနေပြီး ဗိုလ်ချူပ်ကြေးရုပ်ထက် ချင်းသူရဲကောင်း ခေါင်းဆောင်များ၏ ကြေးရုပ်ကိုသာ ထားရှိရန်လိုလားနေကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ၀န်ကြီးဦးစိုးထက်က “အရင်တုန်းကတော့ ကန့်ကွက်ကြတယ် ဒါပေမယ့် ကျွန်တော်တို့ အခုနိုင်ငံတော်ဘဏ္ဍာငွေမပါတော့ပဲနှင့် ပြည်သူတွေက အလှူရှင်တွေရဲ့ ထည့်ဝင်ငွေတွေနှင့်ဆိုတော့ ပုံစံတမျိုးပေါ့ နောက်ပြီးတော့ ဟိုအရင်တုန်းကတော့ ဗိုလ်ချုပ်ပန်းခြံ ဘာညာ အဲလိုဆိုတာကို နည်းနည်း ပထမပိုင်းမှာတော့ ကန့်ကွက်တာရှိပါတယ် အခုကတော့ ကျွန်တော်တို့က အဲဒီနေရာက ပြည်သူလူထုအားလုံးအပန်းဖြေတဲ့ ပြည်သူ့ပန်းခြံ အဲလိုလေး ရည်ရွယ်ပြီးတည်ဆောက်တာဖြစ်ပါတယ် ပြည်သူပန်းခြံအနေနှင့်တည်ဆောက်တယ်” ဟု ဦးစိုးထက်ကရှင်းပြသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွက် တိုက်ရိုက်အကျိုးပြုနိုင်မည့် စီမံကိန်းတစ်ခုဖြစ်သည့်အတွက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၂၈ မှ ၃၀) ရက်နေ့အထိ ချင်းပြည်နယ်သို့ ရောက်ရှိလာသော ဒု-သမ္မတသည် ချင်းပြည်နယ် ၀န်ကြီးချူပ် ဦးဆလိုင်းလျန်လွယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့နဲ့အတူ မဏိပူရ ရေလှောင်တမံကို သွားရောက်ကြည့်ရှူခဲ့ကြခြင်းဖြစ်သည်။ မဏိပူရရေလှောင် တမံစီမံကိန်းသည် စိုက်ပျိုးရေအတွက် သာမက လျှပ်စစ်ဓာတ်အားပါ ထုတ်လုပ်နိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ တမံတည်ဆောက်ခြင်းအားဖြင့် မဏိပူရ မြစ်ရေလမ်းကြောင်း ကောင်းမွန်လာ မည်ဖြစ်ပြီး ကုန်စည်သယ်ဆောင်မှုနှင့် ခရီးသွားလာမှုလုပ်ငန်းများကိုပါ များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်ဟု ဒု-သမ္မတက ပြောဆိုခဲ့သည်။ စီမံကိန်းအကောင်အထည်ဖော်ခြင်းဖြင့် ဒေသတွင်း လယ်မြေဧရိယာ ဧက (၈ဝဝဝဝ) ခန့် စိုက်ပျိုးရေပေးဝေနိုင်မည် ဖြစ်ကြောင်း၊ မူလဒီဇိုင်းအတိုင်း တည်ဆောက်နိုင်မည်ဆိုပါက ရေအားလျှပ်စစ် (၃၈ဝ) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြစ်သာမြစ်ဝှမ်းရှိ ကလေးလွင်ပြင်ဒေသ ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၉) ရက်နေ့၌ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့သို့ရောက်ရှိလာသော နိုင်ငံတော် ဒု-သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူထံ ရိခေါဒါရ်မြို့မိမြို့ဖများမှ ဒေသလိုအပ်ချက် (၇) ချက် တင်ပြဆွေးနွေးခဲ့ပြီး အဆိုပါ (၇) ခု အနက် (၂) ခုကို သက်ဆိုင်ရာများမှ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။ ရိခေါဒါရ်မြို့ မြို့မိမြို့ဖများမှ ဒု-သမ္မတထံ တင်ပြသော အချက် (၇) ချက်မှာ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံတွင် လုံလောက်သောလူနာဆောင် (၁၂၂ ပေ x ၅၆ ပေ) နှစ်ထပ် ထပ်တိုးပေးရန်၊ ကျန်မာရေးဝန်ထမ်းအိမ်ရာ (၁၀၀ ပေ x ၄၀ ပေ နှစ်ထပ်) ချထားပေးရန်၊ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံတွင် 100 MA ဓါတ်မှန်စက် (၁) လုံး ချထားပေးရန်၊ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံတွင် လူနာတင်ယာဉ် (Ambulance) တစ်စီး ချထားပေးရန်၊ ရိခေါဒါရ်မြို့ တိုက်နယ်ဆေးရုံကို အုတ်တံတိုင်း (၁၅၁၀ ပေ x ၅ ပေ) တည်ဆောက်နိုင်ရေးအတွက် ရန်ပုံငွေ ခွဲဝေချထားပေးရန်၊ ရိခေါဒါရ်မြို့ သောက်သုံးရေရရှိနိုင်ရေးအတွက် မိုင် (၂၀) ခန့်အကွာမှ (HDPE) ပိုက် ၄ လက်မဖြင့် သွယ်ယူရန် ခန့်မှန်းကုန်ကျမည့်ငွေကျပ် (၁၅၀၀) သန်းခန့် ရန်ပုံငွေချထားပေးရန်နှင့် ရိခေါဒါရ်မြို့၌ (၁၂၀x၄၀) ပေရှိ မြို့ခန်းမအဆောက်အဦးတစ်လုံးအား ဆောက်လုပ်ပေးရန် စသည့် အချက် (၇) ချက်ကို တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ရိခေါဒါရ်မြို့…
မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါဒါရ်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု၊ လူနှင့်ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသည်တင်ယာဉ်လိုင်းများ စနစ်တကျဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော ကားလေးဝင်းအသစ်အား စက်တင်ဘာ (၂၇) ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ကားလေးဝင်းအသစ်ဖွင့်ပွဲအခမ်းအနားကို အဆိုပါ ကားလေးဝင်းမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့ပြီး ရိခေါဒါရ်တပ်စခန်း ခလရ (၂၂၈) တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ချင်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ထွန်းလင်း၊ ရိခေါဒါရ်နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံဖြိုးဝေ၊ ရိခေါဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရန်းကမ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။ အဆိုပါ အခမ်းအနားတွင် ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက်လူငယ်များ၊ အမှတ် (၂) ရပ်ကွက်လူငယ်များနှင့် ရပ်ကွက် (၂) ရှိ တီးတိန်လူငယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့များက ဂုဏ်ပြု ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းလည်းသိရသည်။ ရိခေါဒါရ်မြို့တွင် ကားလေးဝင်းတည်ဆောက်ဖို့မြေနေရာအပြင် ဘတ်ဂျက်များမရှိသည့်အတွက်ကြောင့် အဆိုပါ ကားလေးဝင်း တည်ဆောက်ထားသောနေရာမှာ ရိခေါဒါရ်မြို့အဝင် မြေကွက် (၁.၁၄၀) ဧက အကျယ်အဝန်းအား ဒေသခံ စေတနာအလှူရှင် ဦးမွဲသဲ က လှူဒါန်းခဲ့ကြောင်းနှင့် ကားလေးဝင်းမြေနေရာအတွက် စေတနာထက်သန်စွာ မြေကွက်လှူဒါန်းပေးသော ဦးဗျက်မောယာ မိသားစုတို့အား မြို့အုပ်ချုပ်ရေးမှူး၊ မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ အဆိုပါမြေကွက်ပေါ်တွင် မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့စည်ပင်သာယာရေးကော်မတီတို့ပူးပေါင်းစီစဉ်မှုဖြင့် Khau Te Family Company မှ…
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် CCTV တပ်ဆင်ရန် ယမန်နှစ်က လျာထားခဲ့ သော်လည်း ပြည်ထောင်စု အစိုးရမှ ဘဏ္ဍာရေးထောက်ပံ့မှု ဘတ်ဂျက်တွင် ဖြတ်တောက်မှုခံရသည့်အတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်ရန် ပြန်လည်လျာထားသည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။ ယမန်နှစ်က ကလေးမြို့နယ်အတွက် CCTV တပ်ဆင်ရန် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ကတိရခဲ့ပြီး Mini ဘတ်ဂျက်တွင်ပါဝင်ကာ တိုင်းဒေသကြီးအဆင့်မှ အတည်ပြုဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြခဲ့ကြသည်။ ပြည်ထောင်စုလွှတ်တော်မှ တိုင်းဒေသကြီး၏ ၀င်ငွေနှင့်လိုငွေ ထောက်ပံ့ပေးမှုတွင် အချို့သောလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဖြတ်တောက်လျော့ချပြီး CCTV တပ်ဆင်ဆောင်ရွက်မည့် ဘတ်ဂျက်သည် လျော့ချမှုထဲ၌ ပါဝင်ခြင်းကြောင့် အကောင်အထည်မဖော်ရခြင်းဖြစ်ကြောင်း ဒေါ်သန့်ဝေကျော်ကပြောသည်။ CCTV တပ်ဆင်ရန်အတွက် ပြည်ထောင်စုမှ ယမန်နှစ်က လျော့ချသော်လည်း ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာဝန်ကြီးမှ လွှတ်တော်တွင် ပြန်တင်ပြခဲ့ကြောင်း သူကဆက်ပြောသည်။ “ အကောင်အထည်ဖော်ရန်က လွှတ်တော်ကအတည်မပြုသေးဘူး ပထမအဆင့်တက်သွားပြီးတော့ ပြည်ထောင်စုမှ ပြန်ဆင်းလာတယ် ပြန်ဆင်းလာပြီးတော့ အခု မနေ့ကမှ ၀န်ကြီးက တင်သွင်းတုန်းဆိုတော့ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဆွေးနွေးကြအုံးမယ် ဆွေးနွေးကြပြီးတော့မှပဲ အခုလွှတ်တော်က ၁၆ ကြိမ်မြောက်ကျင်းပနေတယ် ဒီလွှတ်တော်မှာပဲအတည်ပြုပြီဆိုရင်တော့ နောက်လကနေ ဘတ်ဂျက်စမယ် ဘတ်ဂျက်စပြီးရင်တော့ အစိုးရမှ တင်ဒါခေါ်တဲ့လုပ်ငန်းတွေဆက်လုပ်လိုက်မယ် တင်ဒါအောင်တဲ့ ကုမ္ပဏီကပဲလာလုပ်ရပါမယ်” တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။ ယင်း CCTV တပ်ဆင်ရန်အတွက် ကလေးမြို့နယ် အုပ်ချုပ်ရေးပိုင်းက ယမန်နှစ်က (၁၅) နေရာအတွက်လျာထားခဲ့ကြောင်း သိရပြီး CCTV တပ်ဆင်ရန် ကလေးမြို့နယ်အပြင် ကသာ၊ ရွှေဘို၊ မုံရွာ၊…
ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်မတော်ထဲ စစ်မှုထမ်းခဲ့သည့် စစ်သည်များနှင့် ၎င်းတို့၏ ဇနီးသည်များအား ထောက်ပံ့ရေးအစီအစဉ်ကို လာမည့် နိုဝင်ဘာလတွင် ပြန်လည်စတင်တော့မည်ဟု စုံစမ်းသိရှိရသည်။ ယင်းထောက်ပံ့မှုသည် အင်္ဂလန်အခြေစိုက် Help For Forgotten Allies (H4FA) အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ ဗြိတိသျှ စစ်မှုထမ်းဟောင်းများ ထောက်ပံ့သည့်အစီစဉ်ဖြစ်ပြီး ချင်းပြည်နယ်နှင့် ကလေးကဘော်ဒေသတွင် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်စတင်ကာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) နှင့် ပူပေါင်း၍ စတင်ထောက်ပံ့ခဲ့ကြသည်ဟု ချင်းလူမှုအခွင့်အရေးအဖွဲ့မှ Field Director Salai Tera ကပြောသည်။ “ ဒုတိယကမ္ဘာစစ်ကာလတုန်းက ဗြိတိသျှတပ်မတော်ထဲမှာ စစ်မှုထမ်းခဲ့တဲ့ ဘယ်လူမျိုးမဆိုအကျူံးဝင်ပါတယ်၊ ယနေ့ချိန်ထိ အသက်ရှင်သေးတဲ့သူတွေရှိရင် သူတို့ကိုထောက်ပံ့ပါတယ်၊ တကယ်လို့ကွယ်လွန်သွားပြီဆိုရင်တော့ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ဇနီးသည်တွေကို ထောက်ပံ့ပါတယ်၊ ဒါပေမယ့် နှစ်ယောက်စလုံးကွယ်လွန်ကြပြီဆိုရင်တော့ ထောက်ပံ့မှုမပေးတော့ဘူး’’ ဟု Salai Tera ကပြောသည်။ ယင်းထောက်ပံ့မှုအစီစဉ်သည် တစ်နှစ်လျှင် ကျပ်ငွေ (၂သိန်း) နှုန်းဖြင့် နှစ်စဉ်ထောက်ပံ့သည့်အစီစဉ်ဖြစ်ပြီး ပြီးခဲ့သည့် (၂) နှစ်အတွင်း ချင်းပြည်နယ် နှင့် ကလေးကဘော်ဒေသရှိ ချင်းစစ်သည် (၁၀၀) ခန့်ကို ထောက်ပံ့နိုင်ခဲ့သည်ဟု သိရသည်။ ယခု ၂၀၁၈ ခုနှစ်အတွက် ထောက်ပံ့မည့်အစီစဉ်ကို နိုဝင်ဘာလတွင် ပြန်လည်စတင်မည်ဖြစ်ပြီး CHRO (09263 075540, 09255934177) အဖွဲ့ထံသို့ ဆက်သွယ်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် ဟားခါးစာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့စည်းနိုင်ရန် ဟားခါးမြို့ရှိ လူမှုရေး အသင်းအဖွဲ့များစုပေါင်း၍ ယနေ့ အစည်းအဝေးတရပ် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟားခါး ကယ်ဆယ်ရေးကော်မတီ အတွင်းရေးမှူး ဦးတလွန်ကျဲအိုက “ကျတော်တို့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွေမှာရှိကြတဲ့ လိုင် (ဟားခါး) ဘာသာ အသုံးပြု ကြတဲ့ ပြည်သူတွေ၊ ကျောင်းတွေမှာ လိုင်ဘာသာစကား သင်ကြားနိုင်ဖို့နဲ့ လိုင်ဘာသာ စကားကို တရားဝင် သင်ကြားနိုင်ဖို့ ကော်မတီတရပ်ဖွဲ့စည်းပြီး လုပ်ငန်းအကောင်အထည်ဖေါ်ရမှာ ဖြစ်တယ်“ ဟု ပြောသည်။ ယခုလက်ရှိတွင် ချင်းဆက်သွယ်ရေးအဖွဲ့ (CACC) မှ စာပေနှင့် ယဉ်ကျေးမှုကော်မတီအမည်ဖြင့် ချင်းပြည်နယ်အစိုးရထံ ယာယီမှတ်ပုံတင်ရရှိထားပြီး ဟားခါးစာပေနှင့် ယဉ်ကျေးမှုကော်မတီဆိုင်ရာ လုပ်ငန်းကို တရားဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ချင်းဆက်သွယ်ရေးအဖွဲ့၏ စာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးလိုင်ကျူံးက ပြောသည်။ ဟားခါးစာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့စည်းနိုင်ရန် ဦးဆောင်ရမည့် Nomination Committee ကို လူ (၉) ဖြင့်ဖွဲ့စည်းထားပြီး လာမည့် စက်တင်ဘာလ (၂၈) ရက်နေ့တွင် ချင်းဆက်သွယ်ရေးအဖွဲ့ ရုံးခန်းတွင် အစည်းအဝေး တရပ်ကျင်းပပြုလုပ်မည်ဖြစ်သည်။ ဤအစည်းအဝေးတွင် ဟားခါးစာပေနှင့် ယဉ်ကျေးမှု ကော်မတီ၏ တာဝန်ရှိသူများကို ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ပီချောင်းဒေသအထက်ပိုင်း ငတိန်းအုပ်စု ငတိန်းကျေးရွာနေ ဒေါ်ဖြစ်လိုက် အသက် (၂၈) နှစ်သည် စက်တင်ဘာလ (၂၀) ရက်နေ့က တောထဲတွင် ၀ဥရှာဖွေရင်း မြေမြှပ်မိုင်းနင်းမိ၍ သေဆုံးသွားသည် ဟု သိရသည်။ ဒေါ်ဖြစ်လိုက်နှင့်အဖော် (၅) ဦးတို့သည် ရွာမှ မိနစ် (၃၀) ခန့်သွားရသော ခရုတောင်စောင်းဒေသတွင် ၀ဥ ရှာဖွေရင်း အမည်မသိသူများ ထောင်ထားသော မြေမြှပ်မိုင်းနင်းမိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာလွယ်လူးကပြောသည်။ ဒေါ်ဖြစ်လိုက်တွင် အသက် (၅) နှစ်အရွယ် သမီးလေး ကျန်ရစ်ခဲ့သည်ဟု သိရသည်။ အဆိုပါဒေသသည် မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ဖြစ်ပြီး ရခိုင့်တပ်မတော်တို့ လှုပ်ရှားသည့်နယ်မြေဒေသတစ်ခု ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း ယခုမြေမြှပ်မိုင်းသည် မည်သည့်တပ်ဖွဲ့မှ ထောင်းထားသည့် မိုင်းဖြစ်သည်ကိုမူ မသိရပေ။ ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာလွယ်လူးက “ မြေမြှပ်မိုင်းအသုံးပြုတာတော့ တကယ့်ကို အန္တာရာယ်ရှိတယ်၊ လက်နက်ပိုင်တပ်ဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့အမှုန်းပွားလို့ ထောင်းထားကြတဲ့ မြေမြှပ်မိုင်းမှာ အပြစ်မဲ့ပြည်သူတွေသေဆုံးရတာဟာ တကယ်ကိုစိတ်မကောင်းဘူး အစိုးရအနေနဲ့ ဒီကိစ္စအပေါ်မှာ သေဆုံးသွားတဲ့ မိသားစုတွေကို တစ်စုံတစ်ရာကူညီထောက်ပံ့ သင့်ပါတယ်’’ ဟု ပြောသည်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစတင်ကာ ရခိုင့်တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရာနှင့်ချီသောဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။
ချင်းပြည်နယ်ကိုဖြန်သန်းပြီး အိန္ဒိနိုင်ငံသို့ သွားရောက်မည်ဟု ယူဆရသည့် ရခိုင်လူငယ် (၅) ဦးကို စက်တင်ဘာလ (၂၂) ရက်နေ့က တီးတိန်မြို့နယ်တွင် ဖမ်းဆီးထားသည်ဟု ချင်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဦးဟန်ဝင်းအောင်ထံမှသိရသည်။ “သူတို့ကိုဖမ်းထားတယ် ဖမ်းထားတာမှန်တယ်။ အကြမ်းဖျင်းအားဖြင့်တော့ အိန္ဒိယနိုင်ငံသားခံယူထားတဲ့ သူတို့မှတ်ပုံတင်တွေပါလာတယ် မြန်မာနိုင်ငံသားမဟုတ်ပဲနဲ့ အိန္ဒိယနိုင်ငံသားခံယူထားတယ် အဲဒီတော့ လ.၀.က ဥပဒေပုဒ်မနှင့်တော့ အရေးယူဖို့ ဖြစ်နိုင်ခြေရှိနိုင်တယ်” နယ်/လုံ ၀န်ကြီးကပြောသည်။ ၎င်းတို့ကို တီးတိန်မြို့ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ဆောင်ထားသော်လည်း အတုပုံစံဖြစ်နေကြောင်း၊ ရခိုင့်တပ်မတော် (AA) တပ်ဖွဲ့နှင့် ဆက်နွယ်မှုရှိမရှိ စစ်ဆေးနေပြီး အသေးစိတ်ပြောဆို၍ မရသေးကြောင်း ၀န်ကြီးကဆက်ပြောသည်။ ဗိုလ်မှူးကြီး ဦးဟန်ဝင်းအောင်က “ အဲဒီကိစ္စနှင့်ပတ်သက်ပြီးတော့ မသိသေးဘူးခဗျာ စစ်ဆေးနေတုန်းပဲရှိသေးတယ် ဘာမှ ခန့််မှန်းပြောလို့မရသေးပါ” ဟု ပြောသည်။ ဟားခါးအခြေစိုက် The Chinland Post သတင်းဌာန၏ ဖော်ပြထားချက်အရ ရခိုင်လူငယ် (၅) ဦးတို့သည် ရခိုင်ပြည်နယ်မှ ရန်ကုန်၊ ရန်ကုန်မှ ကလေးမြို၊ ကလေးမြို့မှ ချင်းပြည်နယ် ရိဒ်နယ်စပ် ထိုမှတဆင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ သွားရောက်မည့်သူများဟု သိရသည်။ အဆိုပါ ရခိုင်လူငယ် (၅) ဦးတို့မှာ မောင်အေးမောင် ၁၁/ကတန(နိုင်) ၁၄၅၇၃၅၊ မောင်သန်းစိုးဝင်း ၄/ပလ၀ (နိုင်) ၀၇၃၇၀၂၊ မောင်ခိုင်မောင်စိုး ၁၁ /ကတန (နိုင်) ၁၈၁၈၃၂၊ မောင်မျိုးမင်းလှိုင် ၁၁/စတန (နိုင်) ၁၀၈၈၆၃နှင့် မောင်ရွှေဝင်း ၁၁ /ကတန (နိုင်)…
