(006SV)
စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့တခုမှ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တစ်ဦးသည် ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေစဉ် ကျောက်ကပ် ၂ လုံးပျက်စီး၍ ဆေးဝါးကုသနိုင်ရန် အကူအညီ လိုအပ်နေသည်။
မတူပီမြို့နယ်၊ ဇိုတုန်ဒေသအခြေပြု CDF- Zotung တပ်ဖွဲ့မှ ရဲဘော် ၁ ဦးသည် လွတ်မြောက်နယ်မြေတွင် ကျောက်ကပ်ပျက်စီးမှုကို ကုသနေခြင်းမှာ လေးလကျော်လာပြီး ဆက်လက်ကုသနိုင်ရန် အကူအညီကို အရေးပေါ်တောင်းခံနေရခြင်းဖြစ်သည်ဟု CDF – Zotung တပ်ဖွဲ့၊ ဒုတိယအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောသည်။
“အစတုန်းက နည်းည်းပါးပါးပဲ နာတယ် ပြောတယ်။ ရှေ့တန်းနယ်မြေမှာ တောက်လျှောက် စစ်ပွဲဆင်နွှဲတဲ့အချိန်မှာ ရှေ့တန်းမှာပဲ တာဝန်ထမ်းဆောင်ရင်းနဲ့ အခုလို အရမ်းနာလာတဲ့အခါ ဆေးရုံး ပြကြည့်တဲ့အခါမှာ ကျောက်ကပ်က အကောင်းမရှိတော့ဘူး။ အဲဒီနေ့ကနေဆိုရင် ငါးလနီးပါး ရှိပြီ” လို့ ဆလိုင်းပေါလ်က ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းချိန်တွင် အသက် ၁၇ နှစ်ခန့်သာရှိသေးသော ရဲဘော် ဆလိုင်းဝင်းမြင့်ဦးသည် CDF – Zotung ထံ ဝင်ရောက်ပြီး ရှေ့တန်းစစ်မြေပြင်တွင် အမြဲတမ်း တာဝန်ထမ်းဆောင်သည့် ရဲဘော် ဖြစ်သည်ဟု သိရသည်။
ရဲဘော်သည် တပ်ဖွဲ့၏ အခြေခံစစ်သင်တန်းများအပြင် အထူးစပါရှယ်သင်တန်း (အထူးတပ်ဖွဲ့ဝင်သင်တန်း) ကို ၂ ကြိမ်တက်ရောက်၍ အောင်မြင်စွာ သင်တန်းဆင်းထားသူဖြစ်သည်ဟု သိရသည်။
ချင်းတောင်တန်းပေါ်က ရှေ့တန်းစစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေစဉ် မခံမရပ်နိုင်အောင် နာကျဉ်၍ ဆေးရုံးပြကြည့်ရာမှ ကျောက်ကပ် ၂ ခုစလုံး ပျက်စီးနေသည်ကို သိရခြင်းဖြစ်သည်ဟု CDF – Zotung တပ်ဖွဲ့၊ ဒုတိယအတွင်း ရေးမှူးက ပြောသည်။
ချင်းတောင်ပိုင်းက ရေဇွာမြို့သိမ်းတိုက်ပွဲများ၊ ဇိုတုန်နယ်မြေထဲက တိုက်ပွဲများ၊ မတူပီမြို့က တိုက်ပွဲများနှင့် ချင်းမြောက်ပိုင်းတွင် ထန်တလန်အပါအဝင် စစ်မြေပြင်တိုက်ပွဲ အများအပြာ ပါဝင်ဆင်နွှဲခဲ့သည်ဟု သိရသည်။
ရဲဘော် ဆလိုင်းဝင်းမြင့်ဦးသည် လွတ်မြောက်နယ်မြေတစ်ခုက အရေးပေါ်လူနာဆောင်တွင် ကျောက်ကပ် ၂ လုံးပျက်စီးမှုကို ဆေးခြင်း၊ ကုသခြင်း ပြုလုပ်နေသည်မှာ ငါးလခန့် ရှိပြီး ဆေးကုသမှုစရိတ်များ ပိုမိုခက်ခဲလာသည်ဟု သိရသည်။
“ရဲဘော်အတွက် မြန်မာနိုင်ငံသားအားလုံးက ချင်းတွေအာလုံးက အဖွဲ့အစည်းတွေက သော်လည်းကောင်း ထောက်ပံ့ ပေးနိုင်ရင် ကျနောတို့ အရမ်းကျေးဇူးတင်မိမှာပါ။ သူရဲ့ကျောက်ကပ် လဲနိုင်ဖို့ကလည်း အခုချိန်အထိ အလှူရှင်ကလည်း မတွေ့သေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဆေးရုံးမှာပဲ နေရပြီး အကူအညီတွေ အရမ်းလိုအပ်တယ်”ဟု ဆလိုင်း ပေါလ်က ပြောသည်။
ရဲဘော်သည် ချင်းတောင်ပေါ်၊ ကျေးရွာငယ်တခုမှ တောင်ယာလုပ်ငန်းဖြင့် အသက်မွေးရသည့် မိဘများမှ ဆင်းသက် လာသူဖြစ်သည်ဟု သိရသည်။
ပြည်တွင်းပြည်ပ ပြည်သူများအနေဖြင့် ထောက်ပံ့ကူညီနိုင်ပါက ဝိုင်းဝန်ကူညီကြရန် Chinland Defense Force- Zotung က ထုတ်ပြန်သည်။