(006SV)
ချင်း- မကွေးအစပ်၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာအနီးမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CDF – KKG ၏ တပ်ရင်း (၆) ဥက္ကဌ အပါအဝင် ရဲဘော် ၃ ဦးတို့သည် ယမန်နေ့ညက လုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း CDF – KKG နှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၂ ရက် ည ၁၁ နာရီ ၁၁ မီနစ်ခန့်မှာ ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာ ရာဇမုနိဘုန်းကြီး ကျောင်းကုန်းအနီးတွင် CDF – KKG တပ်ရင်း ၆ ဥက္ကဌ ရဲဘော်ဘဖြိုး၊ ရဲဘော် မဲကြီးနှင့် အခြားရဲဘော် ၁ ဦးတို့မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု သိရသည်။
CDF -KKG တပ်ဖွဲ့မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ ယင်းဖြစ်စဉ်မှာ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေဆဲ ဖြစ်သည့်အတွက် လတ်တလောမှာ ဖြေဆိုရန် မရှိသေးကြောင်း၊ ယင်းဖြစ်စဉ်သည် KKG အတွက် ဆုံးရှုံးမှု ကြီးမားသည်ဟု ပြောသည်။
မကွေးဖက်ဒရယ်ယူနစ်အတွင်း ဘုံရည်မှန်းချက် တူညီသော တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား လက်နက်အားကိုးပြီး အကြမ်းဖက်သတ်ဖြတ်ခြင်းများကို လက်မခံကြောင်း၊ လက်ရှိ တော်လှန်ရေးကာလအတွင်း နစ်နာသူ မိသားစုနှင့် အဖွဲ့အစည်းများ တရားမျှတမှု ရရှိရေးအတွက် ဆောင်ရွက်မည်ဟု မကွေးဖက်ဒရယ်ယူနစ်မှ ဝန်ကြီးချုပ် ရဲထွန်းဇော်က သူ၏ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားအသိပေးထားသည်။
“မကွေးဖက်ဒရယ်ယူနစ်အတွင်းက တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေတွေမှာ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ ရည်ရွယ်ချက်မရှိဘဲ ဖြစ်ခဲ့သည်ဖြစ်စေ၊ ဘုံရည်မှန်းချက်တူတဲ့ တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းကြား လက်နက်အားကိုး အကြမ်းဖက်သတ်ဖြတ်ခြင်းများကို ကျနော့်အနေနဲ့ လုံးဝ လက်မခံပါ၊၊ ဒီတော်လှန်ရေး ကာလအတွင်းမှာပဲ နစ်နာသူ၊ နစ်နာသူ၏မိသားစုများ၊ အဖွဲ့အစည်းများ တရားမျှတမှု ရရှိနိုင်ရေးအတွက် ကျနော် အစွမ်းကုန် ကြိုးစားသွားပါ့မယ်” ဟု မကွေးတော်လှန်ရေးအင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် ရဲထွန်းဇော်က ပြောသည်။
သတင်းဌာနတချို့တွင် လုပ်ကြံသတ်ဖြတ်မှုကို ကျူးလွန်သူများမှာ ကနဦး သတင်းအရ Black Dragon Force တပ်ဖွဲ့က ဖြစ်ပြီး လက်ရှိမှာ ထွက်ပြေးနေကြောင်း ရေးသားဖော်ပြနေပြီး ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
Black Dragon Force သည် မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားသော လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်ဟု သိရသည်။

