(05MK)
ချင်းအမျိုးသားတပ်မတော် (CNA) ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်းသည် ဇူလိုင်လ ၅ ရက် နေ့ညက မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ဆေးရုံတွင် ကွယ်လွန်သွားကြောင်း သိရသည်။
ချင်းအမျိုးသားတပ်မတော် ကာကွယ်ရေးဌာန လက်ထောက်အတွင်းရေးမှူးလည်းဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်းသည် ကျန်းမာရေးအခြေအနေကြောင့် အိုင်ဇောလ်မြို့ ဆေးရုံတွင် ကုသမှုခံယူနေစဉ်တွင် ဇူလိုင်လ ၅ ရက်နေ့ည ဒေသစံတော်ချိန် ၉ နာရီကျော်ကျော်ခန့်က ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
အသက် ၅၂ နှစ်အရွယ်ရှိပြီဖြစ်သော ဒုဗိုလ်မှူးကြီးဆန်းလျန်ထန်းသည် အသက် ၁၇ နှစ်အရွယ် ၁၉၈၈ ခုနှစ်ကတည်းက ချင်းအမျိုးသားတပ်မတော်မှာ ဝင်ရောက်ကာ ချင်းအမျိုးသားတပ်ဦး CNF/CNA တွင် ယခု ကွယ်လွန်ချိန်ထိ နှစ်ပေါင်း ၃၅ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သည်။
သူ့သည် စစ်ရေးနည်းဗျူဟာပိုင်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ပိုင်းတွင် ထန်တလန်မြို့နယ်၊ လုံလဲရ်စခန်းသိမ်းတိုက်ပွဲ၊ ဟားခါး-ဖလမ်းအကြား ဇိန်မှူစစ်ဆင်ရေး၊ ဟားခါး-ထန်တလန်အကြား လုံခါရ်စစ်ဆင်ရေး တိုက်ပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သူဖြစ်သည်ဟု သိရသည်။
ဒု-ဗိုလ်မှူးကြီး ဆန်းလျန်ထန်းတွင် ဇနီး၊ သား ၂ ယောက်နှင့် သမီးတစ်ယောက် ကျန်ရစ်ခဲ့သည်။