(006SV)
ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/ CPA) ၏ တပ်မဟာ (၁) မှ ရဲမေ ၁ ဦးကို NUG အစိုးရ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တစ်ပတ်ကျော်ကြာအထိ ဖမ်းဆီးထားကြောင်း သိရသည်။
NUG အစိုးရ၊ မကွေးတိုင်းမှ ပြည်သူကာကွယ်ရေးအဖွဲ့၊ ပြည်သူလုံခြုံရေးအဖွဲ့ နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက ကန်ပက်လက်မြို့နယ် အခြေစိုက် CPU/ CPA တပ်မဟာ ၁ မှ ရဲမေ မိုင်သူဇာကို ဇူလိုင်လ ၂၉ ရက်ကတည်းက ခိုင်လုံသော အကြောင်းပြချက်၊ ဖြေရှင်းချက် မရှိဘဲ အကြောင်းမဲ့ ဆက်လက်ဖမ်းဆီးထားကြောင်း CPU/ CPA တပ်မဟာ ၁ မှ တာဝန်ရှိသူများထံမှ သိရသည်။
“ယခုလိုမျိုး ၎င်း၏ မိခင်အဖွဲ့အစည်း/အထက်အရာရှိ များကိုအသိပေး အကြောင်းကြားခြင်းမရှိပဲ အမျိုးသမီးတဦးကို ယခုလိုဖမ်းဆီးတာဟာ NUG ရဲ့ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေးချိုးဖောက်မှု သာမက အမျိုးသမီးရေးရာ လူ့အခွင့်အရေးချိုးဖောက်မှုလည်းဖြစ်သလို တော်လှန်ရေး သစ္စာဖောက်မှုလည်းဖြစ်ပါတယ်” ဟု CPU/ CPA တပ်မဟာ ၁ မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ Stephen Shing Thang က သူ့၏ လူမှုကွန်ယက်မှာလည်း ရေးသားသည်။
ပြည်သူ့တော်လှန်ရေးအစိုးရ နေရာယူထားသော NUG အစိုးရအနေဖြင့် အရေးယူ ဆောင်ရွက်စရာ လိုအပ်ပါက CPU/ CPA တပ်မဟာ ၁ ထံ အကြောင်းကြား၍ ဖြစ်စေ၊ CPU/ CPA ထံ တိုက်ရိုက်ဆက်သွယ်၍ ဖြစ်စေ ညှိနှိုင်းတိုင်ပင်ခြင်း၊ အရေးယူခြင်းခြင်း လုပ်ဆောင်သင့်သည်ဟု Stephen Shing Thang က ပြောသည်။
CPU/ CPA တပ်မဟာ ၁ မှ အဆိုပါ ရဲမေသည် ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်အတွင်းမှာ ၃ လနီးပါးကြာ စစ်တပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေချိန်မှာ ထောက်ပို့ပိုင်းဆိုင်ရာများ ပိုမိုလှုပ်ရှားရ လွယ်ကူစေရန် ချင်း- မကွေးအစပ် ဆောမြို့နယ်အနီးအနားမှာ စစ်တပ်၏ အန္တရာယ်ကြားက စွန့်စားလှုပ်ရှားရင်း NUG အစိုးရ၊ မကွေးတိုင်းအဆင့်မှ ပသုံးလုံးများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု သိရသည်။
မကွေးတော်လှန်ရေးအင်အားစုများနှင့် ချင်းတော်လှန်ရေးအင်အားစုများသည် နယ်နိမိတ်ချင်း ဆက်စပ်နေသည့်အတွက် ပူးပေါင်းဆောင်ရွက်ရမည်အခြေအနေများ ရှိနေပြီး ယခုကဲ့သို့ မကွေးတိုင်း ပသုံးလုံးအဖွဲ့များက ဖမ်းဆီးမှုမှာ နှစ်ဖက်အင်အားစုများကို နားလည်မှုလွဲမှားစေသကဲ့သို့ သဘောထား တင်းမားစေသည်ဟု သိရသည်။
စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့ အချင်းချင်းအနေဖြင့် ရေရှည်လက်တွဲနိုင်ရန် မျှော်လင့်ပြီး စစ်တပ်အကြိုက် ကြီးကြီးမားမား သဘောထားကွဲလွဲမှု မဖြစ်စေရန် အမြန်ဆုံး ပြန်လွှတ်ပေးရန် ကန်ပက်လက် တော်လှန်ရေးအင်အားစုများ တောင်းဆိုထားသည်။
မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်လာသော စစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့သည် ၂ လကျော်ကြာ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေရာ စစ်တပ်မှ ဗိုလ်မှူးကျော်ဆက် အပါအဝင် တပ်မှူးတချို့နှင့် တပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီ စစ်သုံ့ပန်းတချို့နှင့် ရန်သူ့အလောင်းများ ရရှိသည်ဟု CPU/ PUA ထံမှ သိရသည်။
ချင်း- မကွေးအစပ် ယောဒေသတွင်လည်း စစ်တပ်၏ စစ်ကြောင်းများကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက ထိခိုက်ကျဆုံးမှု များစွာဖြင့် တပ်ပြန်ဆုတ်ရသည်အထိ ခုခုံတွန်းလှန်စစ်ကို ဆောင်ရွက်နိုင်နေသည်ဟုသိရသည်။

