(005MK)
မီဇိုရမ်ပြည်နယ် Lawngtlai ခရိုင်အုပ်ချုပ်ရေးမှူး Pu Donny Lalruatsanga ၏ ဦးဆောင်မှုဖြင့် တရားမဝင် နယ်စပ် ဖြတ်ကျော် ကုန်သွယ်မှုနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး ကိစ္စရပ် အစည်းအဝေးတစ်ရပ်ကို ယနေ့စက်တင်ဘာ ၂၁ ရက်နေ့တွင်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
ထိုအစည်းအဝေးတွင် Lawngtlai ခရိုင်မှ မြန်မာနိုင်ငံဘက်သို့ ကုန်စည်သယ်ယူပို့ဆောင်ခြင်းနှင့် ကုန်သွယ်မှုပြုလုပ် နေသူများအား ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်းရှိမရှိ သေချာစွာ စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ဥပဒေချိုးဖောက်သူ များကိုလည်း ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးကပြောဆိုကြောင်း မီဇိုရမ်အစိုးရ ပြန်ကြားရေးဌာနက ဖော်ပြသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသား မဟုတ်သူများ မော်တော်ယာဉ် မောင်းနှင်ခြင်း၊ အခြားသူ၏ အမည်ကို အသုံးပြု၍ မော်တော် ယာဉ် ဝယ်ယူခြင်းတို့အပြင် မော်တော်ယာဉ်များ ခိုးယူခံရခြင်းနှင့် ပြန်လည်ရောင်းချခြင်းများ ရှိနေကြောင်း သတင်း ထွက်ပေါ်နေမှုများကိုလည်း သေချာစုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Lawngtlai ခရိုင်သည် နိုင်ငံတကာနယ်စပ်တွင် တည်ရှိနေသဖြင့် ဥပဒေနှင့် စည်းကမ်းထိန်းသိမ်းရေးကို တင်းတင်း ကြပ်ကြပ်ဆောင်ရွက်ရန် လိုအပ်ပြီး ယင်းအတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ (District Administration) အနေဖြင့် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် လူမှုရေးအသင်းအဖွဲ့ အသီးသီးနှင့် Lawngtlai ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန်လည်း ခရိုင်အုပ်ချုပ်ရေးမှူးက မေတ္တာရပ်ခံထားသည်။
ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း KMMTTP လမ်းမကြီးမှတစ်ဆင့် Zorinpui ကို ဖြတ်သန်း၍ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ဆောင်ရွက်စရာများစွာ ရှိနေသေးကြောင်း နောင်အနာဂတ်တွင် ကုန်သွယ်ရေးဗဟိုချက်မနှင့် အရေးအကြီးဆုံးနေရာ ဖြစ်လာမည်ဖြစ်သောကြောင့် ဥပဒေနှင့် စည်းကမ်း ထိန်းသိမ်းရေးတွင် တင်းကြပ်စွာ ဆောင် ရွက်ရန် သဘောတူခဲ့ကြသည်။
ယင်းလုပ်ငန်းစဉ်အတွက် အစိုးရ၏ ဆောင်ရွက်ချက်များကို ကူညီပံ့ပိုးရန်အတွက် NGO အသင်းအဖွဲ့များ၊ အထူးသဖြင့် CYLA နှင့် YLA Branch များသည် အလွန်အရေးပါမည်ဖြစ်ကြောင်းနှင့် တိုင်းပြည်၊ လူမျိုးနှင့် ပြည်သူများ ဘေးကင်း လုံခြုံရေးအတွက် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့မှ တင်းကြပ်သော အမိန့် (Order) ထုတ်ပြန်ရန်နှင့် ထိုအမိန့်အတိုင်း ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်ဟုသိရသည်။
ယနေ့အစည်းအဝေးတွင် Lawngtlai ခရိုင်အုပ်ချုပ်ရေးမှူး Pu Donny Lalruatsanga နှင့်အတူ ဒုတိယရဲမှူးကြီး (Addl. SP)၊ SDO (S)၊ အာသံရိုင်ဖယ်တပ်ဖွဲ့မှ Warrant Officer၊ အခွန်အရာရှိ (LADC)၊ CYLA နှင့် AOC YLA Branch တို့မှ ရုံးအဖွဲ့ဝင်များအပြင် MJA Lawngtlai (သတင်းထောက်များအသင်း) တို့ တက်ရောက်ခဲ့ကြသည်ဟုသိရသည်။

