(005MK)
မီဇိုရမ်ပြည်နယ် ရှာဟာခရိုင်မှ ချင်းပြည်နယ် ပလက်ဝ နှင့် ရခိုင်ပြည်နယ်ဘက်သို့ ဆက်သွယ်သော ကုန်သွယ်ရေး လမ်းကြောင်းများပိတ်ထားသည့်ကိစ္စနှင့်ပတ်သက်၍ အာရက္ခတပ်တော် ULA/AA နှင့် မရာလူငယ်အဖွဲ့ MTP ဌာနချုပ်မှ တာဝန်ရှိသူများတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယမန်နေ့ကစ၍ ပြန်လည်ဖွင့်ပေးလိုက်ပြီဟုသိရသည်။
အာရက္ခတပ်တော် ULA/AA ၏ နယ်စပ်ရေးရာတာဝန်ရှိသူများ နှင့် မရာလူငယ်အဖွဲ့ MTP ဌာနချုပ်တာဝန်ရှိသူများ သည် စက်တင်ဘာ ၂၄ ရက်နေ့က ရှာဟာမြို့တွင်တွေ့ဆုံခဲ့ကြကြောင်းသိရသည်။
ယင်းဆွေးနွေးပွဲတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က ခိုင်ခီ (Khaikhy) တွင် ဖြစ်ပွားခဲ့သော အခြေအများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး၊ နောင်အနာဂတ်တွင် ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ ရရှိရန်ဆွေးနွေးခဲ့ ကြသည်ဟု မရာလူငယ်အဖွဲ့ MTP ဌာနချုပ်က စက်တင်ဘာ ၂၄ ရက်နေ့က သတင်းထုတ်ပြန်သည်။
ထိုသို့ဆွေးနွေးခဲ့ကြပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့ကစ၍ ယာယီပိတ်ထားသည့် ကုန်သွယ်ရေးလမ်းကြောင်း ၃ ခု ဖြစ်သော ခိုင်ခီ (Khaikhy)၊ လိုမာဆူး (Lômasu) နှင့် လိုဒေါ (Lôdaw) ကျေးရွာလမ်းကြောင်းများကို စက်တင်ဘာ လ ၂၄ ရက်ညနေပိုင်း ၄ နာရီကစ၍ ပြန်လည်ဖွင့်လှစ်လိုက်သည်ဟု MTP က ထုတ်ပြန်သည်။
မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် ခိုင်ခီကျေးရွာတွင် ပြီးခဲ့သည့်စက်တင်ဘာလ ၁၄ ရက်နေ့က ကုန်ပစ္စည်းသယ် ယူရေးကိစ္စ နှင့်ပတ်သက်၍ မရာလူငယ်အဖွဲ့ MTP နှင့် ရခိုင်လှေလုပ်သားများအကြား အငြင်းပွားမှုဖြစ်ပွားကာ ရခိုင်လှေလုပ်သားများက MPT ဂိတ်ကို မီးရှိုဖျက်ဆီးခဲ့ကြသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ MTP ဌာနချုပ်က စက်တင်ဘာ ၁၆ ရက်နေ့မှာ အရေးပေါ်အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ရခိုင်လှေလုပ် သားများ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ပြသသည့်အနေဖြင့် ရခိုင်သို့ ဦးတည်သည့် ကုန်သွယ်ရေးလမ်း ကြောင်း ၃ ခုကို စက်တင်ဘာလ ၁၆ ရက် ည ၇:၀၀ နာရီမှစ၍ ယာယီ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
MTP ကုန်သွယ်ရေးဂိတ် မီးရှို့ခံရမှုနှင့် ပတ်သက်၍ ဦးဆောင်သူ ကိုဇော်နိုင်လင်းအပါအဝင် ရခိုင်လှေလုပ်သား လူငယ် တချို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ULA/ AA က စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ခိုင်ခီ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းသည် မီဇိုရမ်ပြည်နယ်တောင်ပိုင်း မရာနယ်မြေမှ ချင်းပြည်နယ် ပလက်ဝမြို့ နယ်နှင့် ရခိုင်ပြည်နယ်သို့ အိန္ဒိယ ကုန်ပစ္စည်းများအဓိကသယ်ယူပို့ဆောင်သည့်ဒေသတစ်ဖြစ်ကြောင်းသိရသည်။
Photo Credit

