(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ကို ရက္ခိုင့်တပ်တော် (AA) က ဆက်လက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး အစီအစဉ်များ ဖော်ဆောင်နေမှုသည် မှန်ကန်သောလမ်းကြောင်းမဟုတ်ကြောင်း ချင်းပြည်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးပါထန်းက ပြောသည်။
“AA က ပလက်ဝမြို့နယ်မှာ အုပ်ချုပ်ရေးဖော်ဆောင်တာတော့ မှန်ကန်တဲ့ လမ်းကြောင်း မဟုတ်ဘူး။ ဒါက တိုင်းရင်းသား အချင်း ချင်းကြားမှာ ရေရှည်မှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်စေမယ့် အရာတွေ ဖြစ်တယ်။ ဒါက သူတို့ မလုပ်ဆောင်ရင် အကောင်းဆုံးပဲ။ ဒါပေ မယ့် ကျနော်တို့ စောစောက ပြောထားသလိုပဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းနဲ့ အရင်သွားမှာဖြစ်ပါတယ်” ဟု ချင်းပြည်ဝန်ကြီးချုပ်က ပြောသည်။
ပလက်ဝအရေးကိစ္စနှင့် ပတ်သက်၍ ရက္ခိုင်တပ်တော် AA/ ULA နှင့် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရတို့ကြား တွေ့ဆုံညှိနှိုင်းရေး လမ်းကြောင်းဖြင့် ဆက် လက်လုပ်စရာများ ရှိနေသေးကြောင်း ချင်းပြည်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ပြောသည်။
ပလက်ဝမြို့နယ်အတွင်း လူမျိုးစုများထဲက သင့်လျော်သူများဖြင့် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အစီအမံများ ရေးဆွဲကာ အုပ်ချုပ်ရေး အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရက္ခိုင်တပ်တော် AA က မတ်လ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။
ပလက်ဝမြို့နယ်ကို လုံခြုံရေး၊ တည်ငြိမ်ရေး အာမခံချက် ရှိရန် ULA/ AA ၏ ထိန်းချုပ်မှု အောက်တွင် ဆက်လက်ထားရှိသွား မည်ဖြစ်ကြောင်း ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယင်းသတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။
ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့် ပလက်ဝဒေသကို စိုးရိမ်ပူပန်နေမှုနှင့် ပတ်သက်၍ ပလက်ဝဒေသတစ်ခုထဲကိုပဲ စိုးရိမ်ပူပန်နေတာထက် ချင်းပြည်လွတ်မြောက်ရေးကို အာရုံစိုက်သင့်ကြောင်း ရက္ခိုင်တပ်တော်အနေဖြင့် အကြံပြုလိုကြောင်း သူကပြောသည်။
ရက္ခိုင့်တပ်တော် AA သည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ချင်းပြည်နယ် ပလက်၀မြို့နယ်ထဲက စစ်ကောင်စီဗျူဟာတပ်စခန်းများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ယခုနှစ်ဇန်နဝါရီလ ၁၄ ရက်တွင် စစ်ကောင်စီတပ်ရင်း တပ်စခန်းအားလုံးကို တစ်ခု မကျန်အပြီးသတ်သိမ်းပိုက်ကာ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။