(005MK)
မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ ITI ရပ်ကွက်တွင် မီဇိုးလူငယ်အသင်း(YMA) နာမည်ဖြင့် ဒေသခံတစ်ဦးကို ခြိမ်းခြောက်၍ ငွေတောင်းယူခဲ့သော မြန်မာစစ်ရှောင်လူငယ် ၃ ဦးကို ဖမ်းဆီးပြီး ရပ်ကွက်မှနှင်ထုတ်လိုက်သည်ဟု သိရသည်။
ITI ရပ်ကွက်တွင်နေထိုင်ကြသော မြန်မာစစ်ရှောင်လူငယ် ၃ ဦးသည် ဇန်နဝါရီ ၁၉ ရက်ည ၁၀ နာရီဝန်းကျင်တွင် ရပ်ကွက်ထဲက ဒေသခံအမျိုးသားတစ်ဦးကို YMA နာမည်ဖြင့်ငွေကြေးတောင်းခံခဲ့ကြပြီး မပေးပါက ထိုးနှက်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်ဟု ITI YMA က သတင်းထုတ်ပြန်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ITI ရပ်ကွက် YMA အဖွဲ့က သတင်းကြားကြားချင်းစုံစမ်းကာ ဇန်နဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု သိရသည်။
၎င်းတို့ ၃ ဦးမှာ တမူးခရိုင် ခမ်းပတ်မြို့နေ အသက် ၁၈ နှစ်အရွယ် Duhlianthanga၊ ကလေးမြို့နယ် Phulmawi ကျေးရွာနေ အသက် ၁၇ နှစ်အရွယ် Hunlawmawma နဲ့ လောင်တလိုင်ခရိုင် Kawlchaw West ကျေးရွာနေ အသက် ၂၁ နှစ်အရွယ် Lalrindika တို့ဖြစ်ကြပြီး ITI YMA တာဝန်ရှိသူများရှေ့တွင် ထိုကဲ့သို့ကျူးလွန်ကြောင်း ဝန်ခံခဲ့ကြသည်ဟု သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါ လူငယ် ၃ ဦးနှင့်အတူ ITI ရပ်ကွက်တွင်နေထိုင်ကြသော မြန်မာစစ်ဘေးရှောင်အားလုံး ကို ဇန်နဝါရီ ၂၁ ရက်ညက YMA က ခေါ်ယူတွေ့ဆုံကာ နောက်နောင်တွင် ထိုကဲ့သိုဖြစ်ရပ်များမဖြစ်ပွားစေရန်အတွက် ပြစ်မှုကျူးလွန်သူ မြန်မာစစ်ရှောင်လူငယ် ၃ ဦးကို ရပ်ကွက်ထဲနေထိုင်ခွင့်မပြုတော့ဘဲ နှင်ထုတ်ခဲ့ကြပြီး ညတွင်းချင်း ရဲစခန်းသို့ အပ်နှံခဲ့ကြသည်ဟုသိရသည်။
ITI ရပ်ကွက်တွင် လာရောက်နေထိုင်ကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များအနေဖြင့် ပို၍ကြီးမားသောပြသနာများ မကြုံစေရေးအတွက် ရပ်ရွာ၊ အသင်းတော်တို့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများလိုက်နာကြရန် ITI YMA က တိုက်တွန်းနှိုးဆော်ထားသည်။

