ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ပါတီက စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ထံသို့ မတ်လ ၂၄ ရက်နေ့က နိုင်ငံရေးပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားလိုက်သည်ဟု ၎င်းတို့ပါတီအတွင်းရေးမှူး ပူးဂင့်ကမ်းလျန်က ပြောသည်။
“ကျွန်တော်တို့ ပါတီက ၂၀၁၂ ခုနှစ်ကတည်းက မှတ်ပုံတင်ကျပြီးသားဖြစ်တယ်၊ အခုက ပြန် Reform လုပ်တဲ့သဘောပါပဲ။ ကွယ်လွန်တဲ့သူတွေ၊ ထွက်သွားတဲ့သူတွေ အစားထိုးပြီးပြန်ပြင်တယ်။ ပြီးတော့ နည်းနည်းပြောင်းလဲတာက သိန်းတစ်ရာပါပဲ ထူးခြားမှုရှိတာ။ အခု သူတို့လောလောဆယ် လက်ခံထားတယ်။ အတည်ပြုတာတော့ ပြီးမှ သူတို့အကြောင်းကြားအုံးမယ်လေ” ဟု ပူးဂင့်ကမ်းလျန်က ပြောသည်။
ZCD ပါတီသည် ချင်းနိုင်ငံရေးပါတီအများအနက် စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ ပထမဦးဆုံး ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားသည့် ပါတီဖြစ်သည်။
ချင်းပြည်နယ်တွင် ZCD ပါတီအပြင် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ခူမီးအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့ အသီးသီးရှိကြပြီး ကျန်ပါတီများသည် ယနေ့ချိန်ထိ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မရှိသေးပေ။
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကတော့ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မှာမဟုတ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီတစ်ခုဖြစ်သော ZCD ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ချင်းပြည်နယ်မှာ မဲဆန္ဒနယ်မြေ ၆ နေရာ၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် ၂ နေရာ အသီးသီးရရှိခဲ့သည့် ပါတီဖြစ်သည်။
ယခုကဲ့သို့ နိုင်ငံရေးပါတီပါတီအဖြစ် ပြန်လည်မှတ်ပုံရသည့် အကြောင်းရင်းကိစ္စနှင့်ပတ်သက်၍ ပူးဂင့်ကမ်းလျန်က “ကျနော်တို့ သုံးသပ်တာ ၁၉၈၈ ခုနှစ်တုန်းကလည်း ဗိုလ်ချုပ်ကြီးစောမောင် အာဏာသိမ်းတယ် ပြီးတော့ ပါတီစုံရွေးကောက်ပွဲလုပ်မယ်ဆိုတော့ အားလုံးတင်ကြတာ NLD တောင် ပထမဆုံးတင်တာလေ အဲဒီတုန်းက ပါတီ ၂၀၀ တောင်တင်တယ်လေ ၂၀၁၅ လည်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့ရေးဆွဲထားတဲ့ ကော်မရှင်ဥပဒေပဲလေ တင်ကြတာပဲလေ စဉ်းစားဖို့လိုတာကိုပြောတာပါ ဒါပေမယ့် ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်းကတော့ ကျနော်တို့ ပြန်လည်စဉ်းစားမယ်လေ ရွေးကောက်ပွဲတစ်ခုတည်း စဉ်းစားမယ်ဆိုရင် Independent နဲ့ ဝင်လို့ရတယ်လေ ကျွန်တော်တို့က လွတ်တော်ထိလည်း မမျှော်ပါဘူး လွှတ်တော်ဆိုတာ ရွေးကောက်ပွဲဝင်ပြီး နိုင်မှရမှာကိုး၊ ဝင်ခြင်း မဝင်ခြင်းက မသေချာဘူးလေ လောလောဆယ် Platform (ပလက်ဖောင်း) တခုနေရာရဖို့ ဥပမာ – မီဒီယာမှာပြောမယ် Statement ထုတ်မယ်ဆိုရင် တရားဝင်အဖွဲ့အစည်းမရှိရင် မရဘူးလေ” ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသည့် ပါတီ ၈ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ပုဒ်မ ၂၅ အရ လျှောက်ထားသည့်ပါတီ ၄၄ ပါတီဖြစ်၍ စုစုပေါင်း ၅၂ ပါတီရှိပြီဟု စစ်ကောင်စီ၏ မတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။