(02HH)
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့ပေါ်နှင့် ကျေးလက်ဒေသအားလုံးနီးပါးကို နယ်မြေထိန်းချုပ်နိုင်ပြီဟု CDF-Kanpetlet ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“မြို့ပေါ်မှာတော့ စစ်ကောင်စီဖက်က ယန္တရားတွေလုံးဝမလည်ပတ်နိုင်ဘူး၊ ကျောင်းလည်းမဖွင့်နိုင်ဘူး။ သူတို့မြို့ တွင်းမှာ တောင်မှ သူတို့လွတ်လွတ်လပ်လပ် နေလို့မရဘူး။ ကျွန်တော်တို့မြို့အနီးအနားမှာတော့ လုံးဝကိုနေရာယူပြီးမှ ပြန်လည် ထိန်းချုပ်နိုင်တယ်၊ တခြားနယ်တွေလည်း အကုန်လုံးကျွန်တော်တို့ ထိန်းချုပ်နိုင်တယ်လို့ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကန်ပက်လက်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ အ.ထ.က ကျောင်း၊ ရန်အောင် စေတီနှင့် မြို့နယ်ပညာရေးမှူးရုံးတို့မှာသာ ခြေကုတ်နေရာယူတပ်စွဲထားနိုင်တော့သည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့ကလည်း CDF-Kanpetlet မှ မြို့တွင်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော နေရာများကို စစ်ကြောင်း ၅ ကြောင်းဖြင့်တပြိုင်တည်းသွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရှိသူများလည်းရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet တပ်တို့ကြား မြို့တွင်းတိုက်ပွဲဖြစ်ပွား မှုပြင်းထန်လာပြီး နောက် မြို့ထဲနေပြည်သူအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြရပြီး လက်ရှိ မြို့ပေါ်တွင် နေထိုင်သူ အိမ်ခြေ (၂၀) သာရှိ တော့သည်ဟု CDF-Kanpetlet မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ကျွန်တော်တို့က ထုတ်ပြန်ချက်တွေထုတ်တဲ့အချိန်မှာ လှုံခြုံတဲ့နေရာတွေမှာနေပြီးမှ နေရာတွေ ရွေ့ပြောင်းပေး ဖို့ညွန် ကြားထားတယ်၊ မြို့ထဲမှာ အများကြီးတော့ မရှိတော့ဘူးအကုန်လုံးစစ်ဘေးရှောင်နေရာရောက်ကုန်ပြီ။ အခုနေတဲ့သူ တွေလည်း တိုက်ပွဲတွေပြင်းထန်ရင်တော့ စစ်ဘေးရှောင်ရမှာပဲ။” ဟု ပြောသည်။
ကန်ပက်လက်မြို့တွင် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့်နေရာ အနီးတွင် နေထိုင်ခြင်းမပြုလုပ်ကြရန် CDF-Kanpetlet က ထုတ်ပြန်ထားသည်။
လူဦးရေ ငါးထောင်ကျော်နှင့် အိမ်ခြေ (၁၂၀၀) ရှိသည့် ကန်ပက်လက်မြို့က ပြည်သူများသည် မကွေးတိုင်း ဆောမြို့အပြင် အခြားကျေးလက်နှင့် စိုက်ခင်းခြံတို့တွင် စစ်ဘေးတိမ်းရှောင်နေကြသည်မှာ သုံးနှစ်နီးပါးရှိလာပြီဖြစ်သည်ဟု သိရသည်။