• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Featured»ကလေးတောင်ပိုင်းဒေသက သောကဝေဒနာ

ကလေးတောင်ပိုင်းဒေသက သောကဝေဒနာ

0
By Editor on June 2, 2022 Featured

ရေး – ဆလိုင်းရောဘတ်

“ကျနော်တို့သေပေးရင် ငြိမ်းချမ်း သွားမယ်ဆိုရင် ကျနော်တို့အသက်တွေကို ပေးပါ့မယ် အဲဒီလောက်ထိတောင် ကျနော်တို့တွေဒုက္ခရောက်တာကို သူတို့တွေ သိစေချင်ပါတယ် စာနာစေချင်ပါတယ်” ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းကျေးရွာက နေအိမ်မီးရှို့ခံထားရပြီး တောထဲကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုဝင်းသူ (နာမည်လွဲ) က ပြောဆိုပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းဒေသ မြစ်သာမြစ်အနောက်ဘက်ကမ်းမှာ အရှေ့စည်းရွာအပါအဝင် ကျေးရွာပေါင်းအနည်းဆုံး ၁၀ ကျော်လောက်ရှိပြီး ဒေသခံပြည်သူတွေဟာ ရာသီပေါ်အလိုက် သီးနှံတွေကို စိုက်ပျိူးပြီး တောင်ယာလုပ်ငန်းကို အေးအေး ချမ်းချမ်းနဲ့ လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

အဲဒီဒေသတဝိုက်ဟာ မြေဆီလွှာကောင်းပြီး သီးနှံတွေအထွက်ကောင်းတဲ့ဒေသဖြစ်သလို ဒေသခံတွေဟာ စပါး၊ နေကြာ၊ မြေပဲ၊ ကုလားပဲ၊ နှမ်း စတဲ့‌တောင်ယာလုပ်ငန်းတွေကို လုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။ ဒီလိုအေးချမ်းစွာ ယာခင်း လုပ်ငန်း တွေလုပ်ကိုင်နေတဲ့အချိန်မှာ ကိုဝင်းသူတို့ ဘဝမှာ တခါမှတွေးထင်မထားဘူးတဲ့ အဖြစ်အပျက်တစ်ခုကြုံ လာခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့နယ်တောင်ပိုင်းဒေသ မြစ်သာမြစ်တဖက်ကမ်းကို ဧပြီလကုန်ပိုင်းလောက်ကနေ စစ်ကြောင်းထိုးလာပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေတောက်လျှောက်ဖြစ်ပွားလာခဲ့တာကြောင့် ကိုဝင်းသူတို့မိသားစုတွေလည်း တခြားရွာသားတွေနည်းတူ ကျေးရွာအိုးအိမ်တွေကို စွန့်ခွါပြီး တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ဒေသခံပြည်သူတွေဟာ တိုက်ပွဲကြောင့် တောတောင်တွေထဲကို အဝတ်တထည်ကိုယ်တခုနဲ့ထွက်ပြေးတိမ်းရှောင်နေကြ တဲ့အချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ရွာထဲကိုဝင်ပြီး မေလ ၂ ရက်နေ့က အရှေ့စည်းကျေးရွာကို စတင် မီးရှို့ခဲ့ကြပါတော့တယ်။

“စစ်ကောင်စီတပ်က ကျနော်တို့ဘက်ကိုလာတာ ဧပြီလ ၂၇ ရက်နေ့ကပေါ့ အဲဒီမှာ ၅ ရက်ကြာတိုက်ပွဲတွေဖြစ်ကြတယ် ကျနော်တို့ ဒေသခံပြည်သူတွေကတော့ တောတောင်တွေထဲမှာ ထွက်ပြေးကြရတယ် ပုန်းနေကြတယ် အဝတ်တ ထည်ကိုယ်တခုနဲ့ ပေါ့နော် ကျနော်တို့တွေပြေးကြလွှားကြရတာပေါ့ မေလ ၂ ရက်နေ့မှာ ကျနော်တို့ရွာကို ဝင်ရသွားတာ တရွာလုံးနီးပါး ပြာကျသွားတယ်” ကိုဝင်းသူကပြောပါတယ်။

အရှေ့စည်းကျေးရွာဟာ အိမ်ခြေပေါင်း ၇၀၀ ကျော်လောက်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ မီးရှိုမှုကြောင့် အိမ်ခြေထက်ဝက်ကျော်လောက် မီးလောင်ပြာကျခဲ့ရပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း မြစ်သာမြစ်အနောက် ဘက်ခြမ်း ကို နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ တခြားပြည်နယ်နဲ့တိုင်းတွေမှာ လုပ်နေကြအတိုင်း မေလ ၂ ရက်နေ့ကနေ မေလ ၁၉ ရက်နေ့အတွင်းမှာ ကျေးရွာတွေကို တရွာဝင်တရွာထွက် မီးရှို့ခဲ့ပါတော့တယ်။

စစ်ကောင်စီတပ်တွေဟာ အရှေ့စည်း၊ ရှေရှင်၊ ရှားဖို၊ ရှားတော၊ တင်သား၊ လယ်ခြား၊ ကုက္ကိုလ်၊ နွားရွာ စတဲ့ကျေးရွာကို တရွာဝင်တရွာထွက် မီးရှို့ခဲ့ပြီး အဲဒီကျေးရွာတွေက အိမ်ခြေအများစုကတော့ ပြာပုံဖြစ်ခဲ့ရပါတော့တယ်။

“အိမ်သာလေးလောက်ကျန်ခဲ့ရင်တောင် ကျနော်တို့နည်းနည်းဖြေသိမ့်လို့ရဦးမှာ အိမ်သာလေးလောက်တောင် မကျန်ခဲ့ ဘူးဗျာ ကျနော်တို့မှာ ပြာပဲရှိတော့တယ် ဘာမှမရှိတော့ဘူး” ကိုဝင်းသူကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးတောင်ပိုင်းဒေသ ကလေး-ဂန့်ဂေါ်ကားလမ်းမပေါ်မှာတည်ရှိတဲ့ နတ်ချောင်း၊ ချောင်းခွ စတဲ့ကျေးရွာတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နတ်ချောင်းကျေးရွာဟာ ကလေးမြို့ကနေ ၁၅ မိုင်လောက်ကွာဝေးပြီး ကလေး-ဂန့်ဂေါကားလမ်းမပေါ် မှာတည်ရှိတဲ့ စံပြရွာကြီးတစ်ရွာဖြစ်ပါတယ်။

အိမ်ခြေ ၂၀၀၀ ကျော်ရှိတဲ့ နတ်ချောင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ တုန်းကတစ်ကြီမ်၊ မတ်လ ၁၆ ရက်နေ့က တစ်ကြိမ်၊ ဧပြီလ ၁၀ ရက်နေ့က တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်တိုင်တိုင်မီးရှို့ခဲ့ကြပြီး လူနေအိမ်ခြေ ၂၅၀ ကျော် လောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။

လွတ်လပ်တဲ့ သုသေတနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ကထုတ်ပြန်ထားတဲ့စာရင်းအရ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ လ ၁ ရက် စစ်အာဏာသိမ်းပြီးအချိန်ကစလို့ ယခုနှစ်ဧပြီလ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ သူ့ရဲ့လက်အောက်ခံ တပ်ဖွဲ့တွေရဲ့ မီးရှို့မှုကြောင့် နိ်ုင်ငံတဝှမ်းလုံးမှာ အိမ်ခြေ တစ်သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီလို့ဆိုပါတယ်။အဲဒီထဲမှာ စစ်ကိုင်း တိုင်းဟာ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှု အဆိုးဆုံးဖြစ်ပါတယ်။

စစ်တပ်က တိုင်ပြည်အာဏာကိုမတရားသိမ်းယူခဲ့တာ တစ်နှစ်ကျော်လာပြီဖြစ်ပေမယ့် ကလေးမြ်ို့မှာတော့ စစ်အာဏာရှင် စနစ် ဆန့်ကျင်တော်လှန်ရေးက အရှိန်ပြင်းပြင်းနဲ့ဆက်လက်အားကောင်းနေဆဲပါ။ နေ့စဉ်နဲ့အမျှ မြို့ပေါ်မှာ ဆန္ဒဖော်ထုတ် မှုတွေရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်အကြားထိတွေ့မှုတွေက လည်း ဆက်လက်ဖြစ်ပွားနေ ဆဲပါ။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ညက ကလေးမြို့ထဲမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်းပစ်ခတ်ကာ တာဟန်းရပ်ကွက် မေတ္တာဆေးရုံ (Agape) အနီးမှာကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီသေဆုံးသူ ၃ ဦးထဲက ၂ ဦးဟာ မင်းကင်းမြို့ကနေ စစ်ဘေးရှောင်လာတဲ့ CDM ဝန်ထမ်းသားအမိတွေဖြစ်ကြပြီး ကျန်တစ်ဦးကတော့ ၇ လသားအရွယ်၏ မိခင်ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ ကလေးတောင်ပိုင်းဒေသ မြစ်သာမြစ်အနောက်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ထိုးစစ်ဆင်မှုတွေ ရပ်နားထားတာကြောင့် တောတောင်တွေထဲထွက်ပြေးတိမ်းရှောင်နေကြတဲ့ ထောင်နဲ့ချီသောစစ်ဘေးရှောင်ပြည်သူတွေဟာ မိမိနေရပ်ကို ပြန်လာကြပေမယ့် နေစရာအိမ်မရှိကြတော့ပါဘူး။

ဒေသခံပြည်သူအများစုကတော့ နေစရာအိမ်တွေမရှိြ ကတော့ဘဲ စာသင်ကျောင်းမှာနေကြတဲ့သူရှိသလို တချို့မှာလည်း မီးလောင်ထားတဲ့အကြွင်းကျန် တိုင်တွေ၊ သွပ်တွေနဲ့ အမိုးအကာပြုလုပ်ကာ ယာယီနေထိုင်ကြရပြီး အကူအညီလည်းအရေး ပေါ်လိုအပ်နေကြပါတယ်။

“ခုချိန်မှာ ကျနော်တို့လိုတာ ၃ ချက်ပဲရှိပါတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာနဲ့ စားဝတ်နေရေး၊ ကျနော် တို့ကျေးရွာမှာ ငြိမ်းချမ်းစွာနဲ့နေထိုင်ချင်တယ်” လို့ ကိုဝင်းသူကပြောပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.