စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီနောက်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်များ တပ်စွဲရာနေများတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် တာဟန်းရပ်ကွက်တွင် ကျရောက်ပေါက်ကွဲကာ လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိသည်ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။
“အနီးကပ်တိုက်ပွဲမျိုးတော့မဟုတ်ဘူး အကြာကြီးပဲ လက်နက်ကြီးကတော့ ၅ လုံးလောက်ကျတယ်။ တချို့က B ရပ်ကွက်မှာကျတာ ၂ နေရာ၊ ခြံဝင်းထဲမှာ ကျတဲ့ဟာက လူသေတာတော့ မရှိဘူး၊ ကံကောင်းတယ်။ တလုံးက လူမရှိတဲ့နေအိမ်ခေါင်းမိုး ပေါ်ကျတာ အမိုးတွေက ပွင့်သွားတာ။ တနေရာကတော့ ခြံဝင်းထဲမှာကျတော့ ကားတစီးက ရှေ့လေကာမှန် ကြေသွားတယ်၊ အိုင်းစတိုင်းကျောင်းနားမှာလည်း ကျတယ်။” ဟု ကလေးမြို့ခံက ပြောသည်။
ကလေးမြို့တွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဝယ်စလီဆေးရုံလမ်းခွဲ၊ နေကြာတိုက်ရှေ့နှင့် တာဟန်းရဲစခန်းတို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှု အသံများကြောင့် ကျောင်းတိုက်ကျေးရွာက အသက် (၃၇) နှစ်အရွယ် နှလုံးရောဂါသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။