ကလေးမြို့အနောက်ဘက်ရပ်ကွက်၊ မြို့ရှောင်လမ်းတွင် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီမော်တော်ယဉ်ကို PDF (Kalay) က မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။
ယမန်နေ့ ညနေ ၄ နာရီခွဲခန့်တွင် မြို့လှရပ်ကွက် မြို့ရှောင်လမ်းမကြီးအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာသော စစ်ကောင်စီကား ၅ စီးအား မင်းသားကြီး ကာအိုကေဆိုင်အနီးတွင် PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီမော်တော်ယဉ် ၁ စီး မိုင်းထိမှန်ကာ ထိုးရပ်သွားခဲ့ကြောင်း၊ ယင်းနောက် မိနစ်အနည်းငယ်ခန့် အပြန်အလှတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး PDF (Kalay) တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်းနှင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အတည်ပြုနိုင်ခြင်းမရှိကြောင်း PDF (Kalay) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။