(003MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ဒိုးဝိုင်းချောင်းကျေးရွာဖက်တွင် ယနေ့မနက် (၅) နာရီကစပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်နေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ဒိုးဝိုင်းချောင်းရွာ ဒေသခံတစ်ဦးက “ရပ်ကွက်မှာနေတဲ့သူတွေက ဒီမနက်ပိုင်းပဲ မွန်းလိုင်ဖက်၊ မြို့ထဲ အမျိုးတွေစီ ထပ်ပြောင်း ရွေ့ရတယ်၊ အသိအိမ်ရှေ့မှာလည်း ဗုံးတလုံးကျတယ်။ မနက်ကတည်းက ဗုံးသံတွေ၊ လက်နက်ကြီးပစ်သံတွေ ကြားရတာ” ဟု ပြောသည်။
ယနေ့မနက်ပိုင်းက ဒိုး၀◌ိုင်းချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ကူကာ လူနေရပ်ကွက်ထဲကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒိုးဝိုင်းချောင်းအပြင် ညောင်တော၊ ဟံသာ၊ ဌက်ပျောတော၊ ပျဉ်းခုံကြီး၊ ပြည်တော်သာကျေးရွာနှင့် လက်ပံချောင်းကျေးရွာတို့မှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် လတ်တလော ကလေးမြို့တွင်း ရပ်ကွက်အချို့တို့တွင် တအိမ်တက်ဆင်းဖြင့် နေအိမ်ထဲ ဝင်ရောက်စစ်ဆေးခြင်း၊ မင်္သကာသူများဟု ယူဆသည့်ပြည်သူများကိုလည်း ဓာတ်ပုံမှတ်တမ်းများ၊ အိမ်ထောင်စု အချက် အလက်များ ကောက်ယူခြင်းများ ပြုလုပ်နေသည်ဟု ကလေးမြို့ခံများထံမှ သိရသည်။
ကလေးမြို့တွင်း နှစ်ဖက်တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီတပ်ဖက်မှ မြို့တွင်း ကလေးမြို့ လမ်းစုံ၊ စစ်ကောင်စီ တပ်စွဲထားသည့် တာဟန်းနှင့် ဝယ်စလီဆေးရုံလမ်းထောင့်ဂိတ်တို့တွင် နေ့တိုင်းနီးပါး စစ်ဆေးမှုများရှိနေသည်ဟု သိရသည်။