(002MG)
စစ်ကိုင်းတိုင်း ကလေးမြို့နှင့် တမူးခရိုင် ခမ်းပါတ်မြို့သို့ ဆက်သွယ်ထားသည့် ကားလမ်းပိုင်းကို ခရီးသည်တင်ကားနှင့် ဆိုင်ကယ်များပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်သော်လည်း စစ်ကောင်စီက ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြုကြောင်း သိရသည်။
ကလေး-ခမ်းပါတ် ကားလမ်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစ၍ ခရီးသည်တင်ကားများ ပြန်လည်ပြေးဆွဲနေပြီဖြစ်သော်လည်း ကလေးမြို့အထွက် ဆည်ကြီးရွာ စစ်ကောင်စီလုံခြုံရေးဂိတ်က မည်သည့်ကုန်ပစ္စည်းကိုမျှ သယ်ဆောင်ခွင့်မပြုကြောင်း ကားသမားများထံမှ သိရသည်။
“ပြီးခဲ့တဲ့အပတ်ကနေ လမ်းပြန်ဖွင့်တယ်။ အခုက ခရီးသည်တွေ၊ သူတို့ပစ္စည်းလောက်ပဲ ရတာ ဆည်ကြီး ဂိတ် မှာ ပစ္စည်းတွေစစ်ဆေးတယ်။ ခမ်းပတ်ကနေ အလာကတည်းက လူပဲရမယ် ဘာပစ္စည်းမှ တင်လို့မရဘူးလို့ ပြောတယ်။ အပြန်ကြရင်လည်း အသေအချာ စစ်ဆေးတယ်။ စက်ပစ္စည်း၊ စားကုန်တွေ တင်လို့မရဘူး။ တင်ရင်တော့ အဖမ်းခံရမှာ ပေါ့” ဟု ကားသမားတဦးက ပြောသည်။
ကလေး- ခမ်းပါတ် ကားလမ်းပိုင်း အသုံးပြုမှုကို စစ်ရေးအခြေအနေများကြောင့် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများက ဇန်နဝါရီလ (၂၉) ရက်နေ့က ပိတ်ပင်ခဲ့ကြခြင်းဖြစ်သည်။
ယခုအခါ ကားလမ်းပြန်ဖွင့်ပြီး ခရီးသည်တင်ကားများ ပြေးဆွဲနိုင်ပြီဖြစ်သော်လည်း အခြေခံစားသောက်ကုန်ကအစ သယ်ယူခွင့်မပြုသောကြောင့် ဒေသခံပြည်သူများ အခက်ကြုံနေကြရသည်ဟု သိရသည်။