ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Kalay) ၏ ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ကလေးအကျဉ်းထောင် တရားရုံတွင် ထောင်ဒဏ် ၁၂ စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။
၎င်းတို့သည် ပြီးခဲ့သည့်အောက်တိုဘာလဆန်းပိုင်းက ကလေးအကျဉ်းထောင်တွင်း တရားရုံတွင် အကြမ်း ဖက်တိုက်ဖျက်မှုဥပဒေပုဒ်မ ၅၀- ည၊ ပုဒ်မ-၅၂- က နှင့် နိုင်ငံဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ- ၅၀၅-(က)-(ဂ) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်စီ ပြစ်ဒဏ်စီရင်ခံရခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“၅၀ ညနဲ့ ၁၀ နှစ် ၅၂ က ၅ နှစ် အဲဒါတပေါင်းတည်းဆိုတော့ ၁၀ နှစ်ချလိုက်တာ ပြီးတော့ ၅၀၅ (က) ရော (ဂ) ရောအဲဒါတပေါင်းတည်း ၂ နှစ် အကုန်လုံး ၁၂ နှစ်ပေါ့ တပြေးညီချလိုက်တာ အင်တိုင်းလေးထောင်မှာပဲ၊” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကလေး PDF ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး (၉) ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က ကလေးမြို့ အနောက်တောင်ဖက်ရှိ PDF (Kalay) တပ်ရင်း ၃ စခန်းကို စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနှင်းရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ စခန်းစီးနှင်းမှုဖြစ်စဉ်တွင် PDF (Kalay) တပ်ရင်း ၃ မှ ရဲဘော် ၂ ဦးနှင့် ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးတို့ ကျဆုံးခဲ့ရသည်။
ယခုထောင်ဒဏ် ၁၂ စီချမှတ်ခံရသည့် ကလေး PDF ဆေးတပ်ဖွဲ့ဝင်များမှ ချင်းအမျိုးသမီးများဖြစ်ကြပြီး အသက် ၂၀ မှ ၂၈ နှစ်အကြားလူငယ်များဖြစ်ကြသည်။
၎င်းတို့မှာ မဇမ်ဇိုးဇာမ်၊ မမန်လွန်းဒိမ်း၊ မညောင်ဒွန့်ကျင်၊ မမားလ်ဆောမ်ဒေါင်းအီး၊ မလားလ်တန်လွေးအီး၊ မလားလ်လွန်စန်းအီး၊ မလားလ်မွမ်းကိမ်းအီး၊ မဗန်လားရွန်းအီးနှင့် မလားလ်ပျန်းဖဲလ်အီး တို့ဖြစ်ကြသည်။
ကလေးအကျဉ်းထောင်တွင် ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်နှင့် အင်းစိန်ထောင်တွင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်များကြောင့် လုံခြုံရေးတင်းကျပ်ထားပြီး မည်သည့်အကျဉ်းသားများကိုမျှ မိသားစုဝင်များနှင့် ထောင်အတွင်း ဝင်ရာက်ဧည့်တွေ့ခွင့်မပြုကြောင်း သိရသည်။
“ကိုဗစ် စည်းမျဉ်းစည်းကမ်းက ဖြုတ်မှမဖြုတ်သေးတာကိုး၊ အဲဒါအကြောင်းပြပြီးတော့ တွေ့လို့မရဘူး၊ နောက်ပိုင်း အင်စိန်ထောင်ဖြစ်တဲ့ကိစ္စမှာ တပြည်လုံးက ကျပ်သွားတာလေ ထောင်ဝန်းထဲဝင်ပြီး ထောင်ဝင်စာတွေ့လို့မရတော့ဘူး” ဟု ၎င်းတို့၏ မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
ကလေးမြို့ အကျဉ်းထောင်တွင် လူချင်းတွေ့ခွင့်မရသော်လည်း အကျဉ်းသားများအတွက် အစားအသောက်၊ အသုံးအဆောင်ပစ္စည်များကိုမူ ပို့ခွင့်ပြုထားသည်ဟု သိရသည်။