(006SV)
ချင်းပြည်နိုင်ငံရေး အခင်းအကျင်းအပြောင်းအလဲများ၊ ပါဝါအပြောင်းအလဲများကို ပိုနားလည်ပြီး ချင်းပြည် တည် ဆောက် ရေးတွင် အထောက်အကူ ပြုနိုင်ရန် အလို့ငှာ “ပါဝါတည်ရာ၊ လာရာ၊ လားရာဖြန့်ကျက်ရာ လေ့လာဆန်းစစ်မှု” စာတမ်းတစ်စောင်ကို Institute of Chinland Studies (ICS) က ထုတ်ပြန်သည်။
နွေဦးတော်လှန်ရေးသည် တနိုင်ငံလုံး၏ နိုင်ငံရေးမျက်နှာစာ အပြောင်းအလဲဖြစ်သည့် နည်းတူ ချင်းပြည်တွင်လည်း သမိုင်း တစ်လျှောက် မကြုံဖူးသေးသည့် နိုင်ငံရေးသစ်နှင့် အခင်းအကျင်းသစ်ဖြင့် အင်အားစုအသစ်များ ပေါ်ထွန်း အားကောင်းလာ ခြင်းသည် အထူးအလေးထားရမည့်အချက်ဖြစ်ကြောင်း စာတမ်းက ဆိုသည်။
လက်ရှိ ချင်းနိုင်ငံရေး အခင်းအကျင်းသည် ဗဟိုနိုင်ရေး အစီအမံမှ ကင်းလွတ်သည့် ချင်းပြည်တည်ဆောက်ရေးဖြစ်စဉ် စတင်ခြင်း ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ အလွှာပေါင်းစုံ၏ အမျိုးသားရေး၊ နိုင်ငံရေး နိုးကြားအားကောင်းမှုကို အခွင်းအလမ်းအဖြစ် အသုံးချ၍ နိုင်ငံရေးပဋိညာဉ်သစ်တစ်ခု တည်ဆောက်ရန် အကောင်းဆုံး အခြေအနေဖြစ်သည်ဟု စာတမ်းတွင် သုံးသပ်ထားသည်။
ICS ၏ “ပါဝါတည်ရာ၊ လာရာ၊ လားရာဖြန့်ကျက်ရာ လေ့လာဆန်းစစ်မှု” စာတမ်းကို မေလ ၄ ရက်က အွန်လိုင်းမှတစ်ဆင့်၊ တာဝန်ရှိသူများ၏ ဆွေးနွေးမှုဖြင့် ထုတ်ပြန်ခဲ့သည်။
ချင်းပြည်၏ နိုင်ငံရေး အားကောင်းလာမှု၊ အမျိုးသားရေး နိုးကြားမှုက အခြေအနေသစ် ၃ ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း ICS စာတမ်းက ဆိုသည်။
ပထမအချက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသစ်များ ပေါ်ပေါက်လာရာ သက်ဆိုင်ရာ မြို့နယ်၊ ဒေသ၊ မျိုးနွယ်စုများ၏ အရေးကြီးအခန်း ကဏ္ဍတစ်ခု ဖြစ်လာခဲ့သည်ဟု ဆိုသည်။
ဒုတိယမှာ ကွဲပြားစုံလင်သော မျိုးနွယ်စုများ၊ ဒေသများ၊ မြို့များသည် နိုင်ငံရေး ကိုယ်စားပြုုမှု အားကောင်းလာနိုင်ရန် အစုအဖွဲ့များ ဖွဲ့စည်း၍ အရပ်ဘက်နိုင်ငံရေးကို ဆောင်ရွက်ခြင်းအပြင် ပြည်သူ့အုပ်ချုပ်ရေးများကို တည်ဆောက်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
တတိယအချက်မှာ အာဏာမသိမ်းမှီက ပြည်နယ်လုံးဆိုင်ရာ ကိုယ်စားပြုနိုင်ရန် ကြိုးစားမှုထက် ပိုကျယ်ပြန်သည့် ချင်းပြည်လုံးဆိုင်ရာ နိုင်ငံရေး၊ စစ်ရေး ကိုယ်စားပြုအစုအဖွဲ့ ပေါက်ပေါက်လာခြင်းဖြစ်သည်ဟု ICS က ဆိုသည်။
လက်ရှိ ချင်းပြည်သည် အစိတ်အစိတ် အမွှာမွှာနှင့် အကွဲအပြဲ ဖြစ်နေခြင်း မဟုတ်ဘဲ မတူညီသော လူမှုအသိုင်းအဝိုင်းပေါင်းစုံ စုပေါင်းနိုင်ရေးအတွက် နည်းလမ်းရှာဖွေသည့်ကာလ၊ နိုင်ငံရေး သဘောတူညီချက် မရနိင်သေးသော ကာလသာဖြစ်သည်ဟု ICS ၏ စာတမ်းတွင် ဖော်ပြထားသည်။
ICS သည် နိုင်ငံလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ တော်လှန်ရေး အစုအဖွဲ့တွင် ပါဝင်ကြသူများ၊ NUCC တွင် ပါဝင်သူများ၊ လက်ရှိ ချင်းဒေသန္တရ အုပ်ချုပ်ရေးတွင်ပါဝင်သူများ၊ CDM များ၊ ချင်းအရပ်ဘက် လူငယ် တက်ကြွလှုပ်ရှားသူများ၊ ချင်းကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်သူများ၊ နိုင်ငံလုံးဆိုင်ရာ အဆင့်နှင့် ဒေသတွင်း သပိတ် ကော်မတီ လှုပ်ရှားမှုတွင် ပါဝင်ကြသူများအပြင် တော်လှန်ရေး အင်အားစုအသီးသီးကို ပံ့ပိုးနေသည့် အလွှာပေါင်းစုံမှ ချင်းလူငယ်များ စုစည်းကာ ၂၀၂၂ တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။