(006SV)
ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ပြီး ပါတီတည်ထောင်ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညိ ညီညွတ်ကြောင်း စိစစ်တွေ့ရှိရ၍ မေလ ၂၆ ရက်တွင် ပါတီ တည်ထောင်ခွင့် လျှောက်ထားခြင်းကို ခွင့်ပြုလိုက်သည်ဟု ရွေးကော်ပွဲ ကော်မရှင်က ထုတ်ပြန်သည်။
ပါတီတည်ထောင်ခွင့် ရရှိထားသော ချင်းပြည်သစ်ကွန်ဂရက်ပါတီသည် ခွင့်ပြုချက် ရရှိသည့်နေမှ စ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဟု သိရသည်။
မေလ ၂၆ ရက်အထိ ပါတီ တည်ထောင်ခွင့် ပြုထားသည့် နိုင်ငံရေးပါတီ ၁၆ ပါတီရှိပြီဖြစ်ကြောင်း၊ နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ပါတီအမည်ကို ဖော်ပြ၍ ယင်းကော်မရှင်ကို လျှောက်ထားနေရာ ပါတီ တည်ထောင်ခွင့် လျှောက်လာသည့်အဖွဲ့ ၂၇ ဖွဲ့ ရှိသည်ဟု သိရသည်။
ချင်းပြည်သစ်ကွန်ဂရက်ပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့မှာ ချင်းလူငယ်များ ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သူဆိုသည်ကို အတိအကျ အတည်မပြုနိုင်သေးပါ။
ယင်းပါတီသည် ပါတီတည်ထောင်ခွင့်ကို ယခုနှစ် မတ်လ ၆ ရက်က စစ်ကောင်စီ၏ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခြင်းဖြစ်သည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲကို လာမည့် ယခုနှစ် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္တပတ်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်၊ ဒုတိယပတ်တို့တွင် ကျင်းပမည်ဟု ကြေညာထားပြီး ဇိုမီးအမျိုးသားပါတီ၊ ခူမီးအမျိုးသားပါတီတို့လည်း ပါတီတည်ထောင်ခွင့် လျှောက်ထားကြသည်။