ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်သော ချင်းပြည်သူ့ရဲတပ်ဖွဲ့ အခြေခံရဲသင်တန်းအမှတ်စဉ် ၁ ကို ယနေ့စက်တင်ဘာလ ၃ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်သည်။
အခြေခံရဲသင်တန်းကို သြဂုတ်လ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ သင်တန်းကွင်းတွင် ပြုလုပ်ခဲ့ကြပြီး သင်တန်းသား ၇၁ ဦးထံ သင်ကြားပို့ချခဲ့သည်ဟု CNO က ဆိုသည်။
အဆိုပါသင်တန်းတွင် စစ်ရေး၊ ဥပဒေနှင့် အမှုစစ်နည်းများကို အဓိကပို့ချခဲ့ကြပြီး သင်တန်းသင်ယူပြီးမြောက်သည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များသည် ဖလမ်းမြို့နယ်အတွင်းရှိ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) စိုးမိုးနယ်မြေတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ ဥပဒေအတိုင်းလုပ်ငန်းများကို တာဝန်ခွဲဝေ ထမ်းဆောင်သွားကြမည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။