(006SV)
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲနိုင်ရေးအတွက် ယခုလအတွင်း ကျင်းပသည့် ဒုတိယအကြိမ် အလုပ်အဖွဲ့အစည်းအဝေး (WCCCC) တွင် ဥပဒေမူကြမ်း၏ ၆၀ ရာခိုင်နှုန်းခန့်ကို ဆွေးနွေးသဘာတူညီချက်ရခဲ့ပြီး လာမည့် နိုဝင်ဘာလမှာ ထပ်မံ ဆွေးနွေးမည်ဟု ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး အလုပ်အဖွဲ့ (WCCCC) မှ ခေါင်းဆောင် Dr. Ngai Tam Mawng က ပြောသည်။
ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး အလုပ်အဖွဲ့ (WCCCC) ၏ ဒုတိယအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၂၄ ရက်မှ ၂၈ ရက်အထိ လွတ်မြောက်နယ်မြေတစ်နေရာတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု WCCCC မှ ခေါင်းဆောင် Dr. Ngai Tam Mawng က ပြောသည်။
“အရေးကြီးတာက အကုန်လုံးတော့ အရေးကြီးတယ်။ ဒါပေမယ့် အရေးကြီးတာတွေကို ကျနော်တို့ စတင်ဆွေးနွေး ကြတာပေါ့ နော်။ အဲဒီဆွေးနွေးတဲ့အထဲမှာ တချို့က ဆွေးနွေးတာ မပြီးသတ်သေးတာ ရှိတယ်။ တချို့က အားလုံးသဘောတူညီချက် ရသွား တာရှိတယ်။ ခြုံပြီးတော့ ပြောရမယ်ဆိုရင်တော့ ခုကျန်ခဲ့တဲ့ ဟာတွေလည်း အရေးကြီးပါတယ်။ ကျနော်တို့မှာက မြို့နယ်နဲ့ ဒေသဆိုပြီး မြေပြင်မှာလည်း နှစ်မျိုးရှိတာကို ။ မြို့နယ်နဲ့ ဒေသတွေ ဒီညီလာခံ အစည်းအဝေးမှာရော၊ ချင်းပြည်ကောင်စီမှာ ပါဝင်နိုင်တဲ့ အချိုးအစားနဲ့ ပတ်သက်ပြီး မြေပြင်မှာ ရှိတဲ့ မိခင်အဖွဲ့အစည်းကို ပြန်ယူဆောင်ပြီးတော့ မိခင်ဖွဲ့စည်းရဲ့ သဘောတူညီချက် ရယူဖို့ ရှိပါမယ်” ဟု သူက ပြောသည်။
တော်လှန်ရေးကာလ ချင်းပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေး၊ ချင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ရေးနှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် မဏ္ဍိုင် ၃ ရပ် ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် မကြာမီပြုလုပ်မည့် ချင်းပြည်ကောင်စီ ညီလာခံ ဖြစ်မြောက်ရေးဆိုင်ရာ အစီအမံများနှင့် ပြင်ဆင်မှုများကို ဆောင်ရွက်နေသည်ဟု WCCCC အလုပ်အဖွဲ့က အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း ထုတ်ပြန်ထားသည်။
စက်တင်ဘာလက ကျင်းပသည့် Pre-Plenary Meeting တွင် မတက်ရောက်ခဲ့သည့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) နှင့် တီးတိန်းမြို့နယ်ထဲက ဇိုမီးဖက်ဒရယ်ယူနီယံ (ZFU) အဖွဲ့တို့က ယခု ဒုတိယအကြိမ် ပြင်ဆင်ရေးဆွဲခြင်း အစည်းအဝေးတွင်လည်း မတက်ေရာက်နိုင်သေးဘဲ ရှိနေသည်ဟု သိရသည်။
လာမည့်အစည်းအဝေးများတွင် ယင်းနှစ်ဖွဲ့ပါ တက်ရောက်နိုင်ရေးအတွက် လာမည့်နိုဝင်ဘာလအတွင်း နှစ်ဖက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်ရှိသည်ဟု သိရသည်။
ချင်းလဲန်းကောင်စီဖွဲ့စည်းရာတွင် ချင်းအင်အားစုများ အားလုံးပါဝင်ရေးအတွက် မပါဝင်လာသေးသည့် အဖွဲ့များအပြင် ချင်းအင်အားစုများ တွေ့ဆုံညှိနှိုင်းရန် “ညှိနှိုင်းရေးအဖွဲ့” တစ်ခုကိုလည်း ဖွဲ့စည်းထားသည်ဟု သိရသည်။
WCCCC အဖွဲ့တွင် လွှတ်တော်ကိုယ်စားလှယ်များဘက်မှ တစ်မြို့နယ်ကို တစ်ဦး၊ CNF/ CN A ဘက်မှ ငါးဦး၊ မြို့နယ်နှင့် ဒေသအခြေပြုဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးဘက်မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။
ချင်းတော်လှန်ရေးအင်အားစုများသည် ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေးအပါအဝင် ချင်းပြည်အစိုးရ ဖွဲ့စည်းထူထောင်နိုင်ရေး ဆောင်ရွက်နေသည်မှာ ၂ နှစ်ကျော် ကြာမြင့်လာပြီ ဖြစ်သည်။