(006SV)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂ နှစ်ကျော်အတွင်း ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်များတွင် စစ်ကောင်စီက အရပ်သားပြည်သူများကို သတ်ဖြတ်မှု ဖြစ်ရပ်ပေါင်း ၄၄၀ ကျော်ပြုလုပ်ခဲ့သည်ဟု ညီမျှခြင်း-မြန်မာက ပြောသည်။
ယနေ့ ဩဂုတ် ၂၈ အွန်လိုင်းမှာ ပြုလုပ်သည့် ညီမျှခြင်း မြန်မာက “ရန်ငြိုးဖွဲ့ ချေမှုန်းခံနေရတဲ့ အရပ်သားပြည်သူများ” ဆိုသည့် အစီရင်ခံစာထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြောကြားခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင်မှ ၂၀၂၃ မတ်လအတွင်း စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ လွဲ၍ ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် အားလုံးတွင် အရပ်သားပြည်သူသတ်ဖြတ်မှုဖြစ်စဉ် ၄၄၁ ကြိမ် ပြုလုပ်ခဲ့ရာ ၁၃၆၃ ဦး သေဆုံးခဲ့သည် ဟု ညီမျှခြင်းမြန်မာက တာဝန်ရှိသူက ပြောသည်။
အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု၏ ထက်ဝက်ခန့် ၇၄၈ ဦးမှာ အရွယ်ရောက်ပြီးသူ အမျိုးသားများဖြစ်ပြီး၊ ၁၄၃ ဦးမှာ အရွယ် ရောက်ပြီးသူ အမျိုးသမီးများနှင့် ၉၆ ဦးမှာ ကလေးသူငယ်များဖြစ်သည်။
ဖြစ်စဉ် ၁၀ ခုမှာ မသန်စွမ်းသူများ သတ်ဖြတ်ခံရမှု ဖြစ်သည်ဟု အစီရင်ခံမှာ ဖော်ပြထားသည်။
အရပ်သားပြည်သူများကို သတ်ဖြတ်ရာတွင် သေနတ်ဖြင့် ပစ်သတ်ခြင်း၊ မီးရှို့ခြင်း၊ ခေါင်းဖြတ်ခြင်း၊ လက်နက်ကြီး ထိမှန်ခြင်းနှင့် မုဒိမ်းကျင့်သတ်ဖြတ်ခြင်း စသည့် နည်းလမ်းများဖြင့် ရက်စက်စွာ လုပ်ဆောင်သည်ဟု ညီမျှခြင်းမြန်မာက အချက်အလက်များကို ကိုးကားပြီး ပြောသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက အရပ်သားပြည်သူများကို သတ်ဖြတ်သည့် ပုံစံ (၃) မျိုး တွေ့ရှိရသည်ဟု ညီမျှခြင်း-မြန်မာက တာဝန်ရှိသူက ပြောသည်။
“စုဆောင်းရရှိတဲ့အချက်အလက်တွေအရ ချင်းပြည်နယ်ထဲမှာ ရွာတွေထဲကို စစ်ကောင်စီက ဝင်ပြီးတော့ အကြမ်းဖက် သတ်ဖြ တ်သွားတာ။ နောက်တစ်ခုက စစ်စခန်းတွေက တောင်ပေါ်လို နေရာမျိုးကနေ သူတို့ ထင်တဲ့ နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ သေဆုံးမှုတွေ ဖြစ်တယ်။ နောက်တစ်ခုကတော့ လေကြောင်းကနေ လာတိုက်တာပေါ့။ CDF စခန်းတွေ လက်နက်ကိုင်တော်လှန် ရေးသမားတွေ ရှိတဲ့နေရာတွေ တိုက်ခိုက်တာမှာ ရွာတွေထဲကို လေကြောင်းကနေ တိုက်ခိုက်တာတွေ ရှိတယ်။ အဲလိုပုံမျိုး စုံမျိုးတွေ အများဆုံး တွေ့ရတယ်” ဟု သူက ပြောသည်။
ကျေးရွာများကို မီးတင်ရှို့ခြင်းနှင့် ရပ်ရွာလူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို နှင်ထုတ်ခြင်းလုပ်ရပ်များပါဝင်သည့် “နယ်မြေရှင်း လင်းစစ်ဆင်ရေး” နည်းနာများကို ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့မှာ ဆက်လက်အသုံး ပြုနေသည်ဟု သိရသည်။
ထို့အပြင် တော်လှန်ရေးအင်အားစုကို လူထုထောက်ခံမှု လျှော့ချရန် ရည်ရွယ်၍ အရပ်သားပြည်သူကို ပစ်မှတ်ထား၊ ထိခိုက်စေရန် ဖြတ်လေးဖြတ်နှင့် ဆက်စပ်နည်းဗျူဟာများအပါအဝင် စစ်တပ်၏ တိုင်းရင်းသား ဒေသများအတွင်း ဆောင်ရွက်ခဲ့သည် နည်းဗျူဟာများကို နိုင်ငံအတွင်း ဒေသအနှံတွင် ကျင့်သုံးနေပြီဖြစ်သည်ဟု အစီရင်ခံစာက ထုတ်ပြန်သည်။