(006SV)
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၇.၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင် ၃ ခုကြောင့် တိုင်းနှင့် ပြည်နယ် ၆ ခုကို အရေးပေါ် အခြေအနေအဖြစ် စစ်ကောင်စီက ကြေညာလိုက်သည်။
ယနေ့ မတ်လ ၂၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၁ မီနစ်ခန့်တွင် မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု လှုပ်ခတ်သော အင်အားအလွန်ပြင်းထန်သော မြေငလျင်များကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နှင့် နေပြည်တော် ကောင်စီနယ်မြေတို့ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာလိုက်ခြင်းဖြစ်သည်။
ယင်းဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အလျင်အမြန် စုံစမ်းစစ်ဆေးခြင်း၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောလျင်စွာ လုပ်ဆောင်ရမည်ဖြစ်ကဲ့သို့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် လူသားချင်း စာနာမှု အကူအညီများ ရရှိရေး ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။
မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်မြို့များရှိ ဆေးရုံးများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရ လူနာများ အများအပြား ရောက်ရှိလာသည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်နှင့် နီးစပ်ရာ သတင်းဌာနတချို့တွင် ဖြေကြားထားသည်။
ပြည်သူလူထုအနေဖြင့် ဖြစ်ပေါ်လာနိုင်သော ကောလဟလများအပေါ် သတိထား ဆင်ခြင်းနိုင်ပါရန်နှင့် မြေငလျင်နှင့် ပတ်သက်သော သတင်းများကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီက အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည်ဟု သိရသည်။
စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်သည့် အင်အားအလွန်ပြင်းထန်သော ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတို့တွင် လူသေဆုံးမှုများနှင့် ထိခိုက်ပျက်ဆီးမှုများကို ရှိနေသည်ဟု ကနဦးသတင်းအချက်အလက်များအရ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အထပ် ၃၀ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုတွင်လည်း မြန်မာလုပ်သားအပါအဝင် ၆၇ ဦး ပျောက်ဆုံးနေသည်ဟု ထိုင်းသတင်းဌာနတချို့တွင် ဖော်ပြထားသည်။
အလွန်အားပြင်းသည့် ငလျင်၏ နောက်ဆက်တွဲ ငလျင်ငယ်တွေလှုပ်ခတ်နိုင်ခြင်းကြောင့် ယိုင်နဲ့သွားသော အဆောက် အအုံတွေထဲတွင် ဆက်မနေကြရန်၊ ငလျင်ကြောင့် ဆည်တာတမံတွေ အက်ကွဲမှုရှိမရှိ စစ်ဆေးပြီး လိုအပ်လျှင် ကြိုတင်ရွှေ့ပြောင်းကြရန်နှင့် အချို့ဒေသများတွင် ငလျင်ကြောင့် သဲအရည်ပျော်ခြင်းတွေဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြပါရန်NUG အစိုးရက သတိပေးနှိုးဆော်ထားသည်။
ချင်းပြည်နယ်၏ ဒေသတချို့တွင်လည်း ငလျင်များ လှုပ်ခတ်သွားပြီး ငလျပ်လှုပ်ခတ်သော ဒေသနှင့် ထိခိုက်ပျက်စီး မှုအခြေအနေများကို စာရှုသူများအနေဖြင့် ကွန့်မန့်တွင် မှတ်ချက်ပြုရေးသားပေးရန် နှိုးဆော်ပါသည်။