(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ နီးပါးပြုလုပ်ခဲ့ကြောင်း CDF-Mindat က ထုတ်ပြန်သည်။
စစ်ကောင်စီသည် ဂျက်ဖိုက်တာ၊ ထောက်ပို့ကင်းထောက် Y-12 လေယာဉ်များအသုံးပြုကာ အောက်တိုဘာလ (၁၈) နေ့တွင် မင်းတပ်မြို့တိုက်နယ် အမှတ်(၄) နေရာအား (၄) ကြိမ်နှင့် အောက်တိုဘာလ (၁၉) ရက်တွင် (၃) ကြိမ် နှင့် အောက်တိုဘာ (၂၆) ရက်နေ့တွင် (၇၀) ကြိမ် စုစုပေါင်း (၇၇) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မူကြောင့် CDF-Mindat တပ်ရင်း (၂)မှ ဆလိုင်း ယောမောင်းကီး၊ တပ်ရင်း (၅) မှ ဆလိုင်းတဲ့ကီး နှင့် တပ်ရင်း (၆) မှ ဆလိုင်းချွဲဟုန်းတို့ကျဆုံးခဲ့ရပြီး မင်းတပ် တပ်ရင်း (၅) မှ ဆလိုင်း နိုင်းလိန်းသည်လည်း ယာဉ်မတော်တဆကြောင့် ကျဆုံးခဲ့ရကြောင်း သိရသည်။
မင်းတပ်မြို့ဒေသခံတစ်ဦးက “လေကြောင်းက မြို့ထဲတော့ မဝင်ဘူး မြို့ပြင် ပတ်ပတ်လည်တော့ ဗုံးလာကြဲတာ၊ ပျက်စီးမှု ကတော့ တဲ၊ဥယျာဉ်ခြံတွေထိတာ ကျန်တာတော့ မကြားရဘူး၊ လူငယ်ဖက်က ကြားသလောက်တော့ (၃) ယောက် လောက်ကျတယ် လို့ကြားတယ်၊ တိုက်နယ် အမှတ် (၄) ဖက်အရှေ့ခြမ်း ပတ်ဝန်းကျင်တွေကိုလည်း လာကြဲတယ်” ဟု ပြောသည်။
စစ်ကောင်စီသည် အောက်တိုဘာလအတွင်း မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ အရပ်သားနေအိမ် ၂၈ လုံး၊ အရှေ့ ပြင်ရပ်ကွက်ရှိ နေအိမ် ၂ လုံး စုစုပေါင်း နေအိမ် (၃၀) ခန့်ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
မင်းတပ်မြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲဖြစ်လာမည်ဆိုသည့်သတင်းကြောင့် မြို့ခံပြည်သူအများစုသည် ကြိုတင်စစ် ဘေးတိမ်းရှောင်ခဲ့ကြပြီး လက်ရှိ မြို့ပေါ်တွင် ဒေသခံပြည်သူအနည်းငယ်သာကျန်ရှိတော့သည့်အပြင် မကြာခဏ နှစ်ဖက် ထိတွေ့ပစ်ခတ်မူများရှိနေကြောင်း မင်းတပ်မြို့ခံထံမှ သိရသည်။