(006SV)
ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ – ၂၇၄ တပ်ရင်းမှ လှေးကောင်းကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် ကလေးငယ် ၂ ဦးကို ထိမှန်ပြီး ထိခိုက်ဒဏ်ရာများ ရရှိကြောင်း ဒေသခံများက ပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် မနက် ၇ နာရီခန့်က မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ်ခန့် လှေးကောင်းကျေးရွာဘက်သို့ ပစ်ခိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မင်းတပ်ဒေသခံ ကိုလောရင့်က ပြောသည်။
“မင်းတပ် CDF က လည်း ထုတယ်။ သူတို့ စစ်ကောင်စီကလည်းပြန်ထုတယ်။ လှေးကောင်းကျေးရွာထဲ ကျတာ ၈ လုံးလောက် ကျတယ်။ အပြန်အလှန်ထုနေကြတာ၊ အချက်ပေါင်းများတယ်” ဟု ကိုလောရင့်က ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်ကလည်း ခလရ – ၂၇၄ တပ်ရင်းထဲကို လက်နက်ကြီးဖြင့် ၅ ချက်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာ ရရှိသူများမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၁၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်ပြီး ဒဏ်ရာ ရရှိမှု အသေးစိတ်ကို မသိရသေးကြောင်း မင်းတပ်မြို့ခံ ကိုဟာကလေးက ပြောသည်။
ထို့အပြင် အရပ်သားနေအိမ်တစ်လုံးလည်း ထိခိုက်ပျက်စီးကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကို သတိနှင့် နေကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများ ဖမ်းဆီးမှုရှိနေပြီး တချို့ကို ပြန်လွှတ်ပေးသော်လည်း တချို့ကိုတော့ ၂၇၄ တပ်ရင်းထဲ ဆက်လက်ထိန်းသိမ်းထားကြောင်း၊ စစ်ကောင်စီက မင်းတပ်မြို့တပ်ရင်းကို ဖေဖော်ဝါရီလထဲ စစ်အင်အားများ ဖြည့်တင်းထားကြောင်း သိရသည်။