(004SS)
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ် မြို့တော်ဟားခါးနှင့် အခြားမြို့များသို့ လာရောက်ပြီး စစ်ကောင်စီမှ ကြိုးပမ်းနေသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လူထုစည်းရုံးရေးဆင်းနေကြောင်း သိရသည်။
ဒေါက်တာမှုထန်သည် စက်တင်ဘာလ ဒုတိယပတ်ကစ၍ ချင်းပြည်နယ် ဟားခါး၊ ပလက်၀၊ ဖလမ်း၊ တီးတိန်မြို့သို့ သွား ရောက်ကာ လူထုတွေ့ဆုံပွဲများကျင်းပပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“အဓိက စည်းရုံးရေးပေါ့ ကျွန်တော်တို့ ဖယ်ဒရယ် ဒီမိုကရေစီအတွက် ရွေးကောက်ပွဲလုပ်နိုင်ဖို့ လိုအပ်တယ်။ ၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်းပြုစုမှာ ဖြစ်တယ်။ဒါေကြာင့် ရွေးကောက်ပွဲအောင်မြင်ဖို့ ကျွန်တော်တို့ ငြိမ်းချမ်းရေးလိုအပ်တယ် ငြိမ်းချမ်းရေးမရှိရင် ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သန်ခေါင်စာရင်းကောက်နိုင်ရင် လာမဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်နိုင်မယ်။ ဒါကြောင့် ကျွန်တော် တို့ ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့ လိုအပ်တယ် ဆိုတဲ့ကြောင်းပြောသွားတာပါ “ ဟု ဟားခါးမြို့လူထု တွေ့ဆုံပွဲတွင် တက်ရောက်သူ ဒေသခံတစ်ဦးက ပြောသည်။
ဒေါက်တာမှုထန်သည် စစ်ကောင်စီခန့် ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ညွှန်မှူး၊ ဌာနဆိုင်ရာအကြီးအကဲများအပါအ၀င် စက်တင်ဘာလ ၁၂ ရက်နေ့က ချင်းပြည်နယ်တောင် ပိုင်း ပလက်၀မြို့ ကီမိုခန်းမတွင် လူထုတွေ့ဆုံပွဲကျင်းပခဲ့ကြသည်။
ထို့နောက် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဟားခါးမြို့ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ လူထုတွေ့ဆုံပွဲ ထပ်မံကျင်းပပြုလုပ်ခဲ့သည်။ အလားတူ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖလမ်းမြို့ နှင့် တီးတိန်မြို့ရှိ နယ်မြေခံတပ်ရင်း ခန်းမတို့တွင် လူထုတွေ့ဆုံပွဲများပြုလုပ်ကာ စစ်ကောင်စီ၏ လက်ရှိဆောင်ရွက်သည့်အခြေအနေများ၊ ရွေးကောက်ပွဲဆိုင် ရာများကို စည်းရုံးဟောပြောခဲ့သည်ဟု သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန် ချင်းပြည်နယ်သို့ စည်းရုံးရေးဆင်းလာသည့်အပေါ် တီးတိန်မြို့က လူငယ်တစ်ဦးက ယခုလိုသုံးသပ်ပြောဆိုသည်။
“အခု ငြိမ်းချမ်းရေးဆိုပြီး ပြောတယ်။ နားဝင်ချိုအောင်သာ ပြောတာ၊ လက်တွေ့အားဖြင့်ဆိုရင် ပြည်သူကို သတ်ဖို့ ရရှား ကနေ လေယာဉ်အကောင်းစားတွေဝယ်တယ်။ သေနတ်တွေ၊ စစ်လက်နက်တွေဝယ်တယ်။ နောက် ပြည်သူများများ သေပါစေဆိုတဲ့သဘောနဲ့ cluster ဗုံးတွေသုံးတယ်။ ပြည်သူလူထုအေပါ်ဗုံးသီးမိုးရွာခိုင်းတယ်။ အဲဒီလိုနဲ့ စည်းလုံး ညီညွှတ်ရေး၊ သင့်မြတ်ရေး မဖြစ်နိုင်ဘူး။ တကယ်သူတို့လိုချင်တယ် ဆိုရင် ဒါမျိုးတွေအရင်ရပ်ထားမှ၊ ဒါမှ ပြည်သူလူထု၊ တိုင်းရင်းသားတွေနဲ့ သင့်မြတ်မှာပေါ့။ ရွေးကောက်ပွဲက စစ်တပ်အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တယ်ေလ။ ပြည်သူလူထုမပါဘဲ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်သလို သန်းခေါင်စာရင်းလဲ ကောက်နိုင်မှာ မဟုတ်ဘူး၊ သူတို့ လိမ်လည်ပြီး ကောက်ရင်တော့ တစ်မျိူပေါ့” ဟု တီးတိန်မြို့ လူငယ်တစ်ဦးကပြောသည်။
ယခုတွေ့ဆုံပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ဆက်လုပ်ငန်းစဉ် (၅) ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်များအား ချမှတ်၍ ပါတီစုံဒီမိုကရေစီခိုင်မာရေးနှင့် ဖယ်ဒရယ်စနစ်အခြေခံသည့် လုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရေး အစီအမံများကို ချပြဆွေးနွေးကြကြောင်း သိရသည်။
ဒေါက်တာမှုထန်နှင့်အဖွဲ့သည် ယနေ့ တွင် ကလေးမြို့မှ မင်းတပ်မြို့သို့ သွားရောက်မည်ဟု သိရသော်လည်း ရာသီဉတု အခြေအနေကြောင့် သွားရောက်နိုင်ခြင်းရှိမရှိ မသိရသေးပေ။
ချင်းပြည်နယ် ထန်တလန်မြို့ဇာတိဖြစ်သည့် ဒေါက်တာမှုထန်သည် ၂၀၂၃ နှစ်ဆန်းပိုင်းတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD) အတွင်းရေးမှူး ပူးဂင်ကမ်းလျန် ကိုယ်စား စစ်ကောင်စီလက်အောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ရသူဖြစ်သည်။
ဆရာ၀န်တစ်ဦးဖြစ်သည့် ဒေါက်တာမှုထန်သည် ယခင်က ထန်တလန်မြို့ပြည်သူများ၏ ချစ်ခင်လေးစားမှုခံရသူဖြစ်သည်။
သို့သော် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်စီးမှုကြောင့် သူ၏ဇာတိ ထန်တလန်တမြို့လုံး လောင်ကျွမ်းပြာကျခဲ့ရသော်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းသွားသည့်အပေါ် ချင်းပြည်သူများ၏ ေ၀ဖန်ပြစ်တင်ရှု တ်ချမှု ခံနေရသူဖြစ်သည်။