(005MK)
မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်လာကြသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ သွေးချင်းညီအကို စစ်ဘေးရှောင် ပြည်သူများ၏ ဇီ၀မှတ်တမ်း (biometric နှင့် biographic) ကောက်ယူရန် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေး၀န်ကြီးဌာနမှ ဖိအားပေးမှုခံနေရသော်လည်း ကောက်ယူမည်မဟုတ်ကြောင်း မီဇိုရမ်အစိုးရကပြောဆိုလိုက်သည်။
ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်က ကျင်းပသော မီဇီုရမ်ပြည်နယ်အစိုးရ ၀◌န်ကြီးများအစည်းအဝေးမှာ အဆိုပါကိစ္စကို ဆွေးနွေးကြရာတွင် ဗဟိုအစိုးရ၏ အပြင်းအထန် ဖိအားပေးမှုခံနေရသော်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သွေးချင်းညီအစ်ကို စစ်ဘေးရှောင်များ၏ biometric နှင့် biographic ကောက်ယူမှတ်တမ်းတင်မှုများ လုပ်ဆောင်မည်ဆိုပါက မလိုလာအပ်သော နောက်ဆက်တွဲပြသနာများ ဖြစ်လာနိုင်သည်ဟု မီဇိုရမ်အစိုးရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး Pu Lalruatkima က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ကြောင့် သွေးချင်းညီအကို စစ်ဘေးရှောင်များအတွက် နောက်ဆက်တွဲ ဖြစ်လာနိုင်သော ပြသနာများကို ရှေးရှူလျက် ဇီ၀မှတ်တမ်းတင်ကောင်ယူမှုကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ဗဟိုအစိုးရထံ အကြောင်းပြန်ကြားရန် ၀န်ကြီးများ အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီး Pu Lalruatkima က ပြောသည်။
မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်သော မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်များ၏ ဇီ၀အချက်အလက်မှတ်တမ်းများ ကောက်ယူရန် ဗဟိုအစိုးရ ပြည်ထဲရေး၀န်ကြီးဌာနက ပြည်နယ်အစိုးရကို အကြောင်းကြားခဲ့ပြီးနောက် ဇူလိုင်လကုန်ပိုင်းကစ၍ စစ်ဘေးရှောင်စခန်းတချို့တွင် ဇီ၀အချက်အလက်မှတ်တမ်း ကောက်ယူမှုကို စတင်လုပ်ဆောင်ခဲ့ကြသည်။
အဆိုပါကိစ္စအပေါ် အရပ်ဖက်အဖွဲ့အစည်းတချို့မှ ဝေဖန်ကန့်ကွက်မှုများရှိလာသည့်နောက်ပိုင်း ဇီ၀မှတ်တမ်းကောက်ယူမှုကို ရပ်နားကာ ယခုအခါ ဇီ၀မှတ်တမ်းကောက်ယူမှုကို လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရက တရား၀င် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
ပုံစာ – မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ၀◌န်ကြီးများ အစည်းဝေးပြုလုပ်စဉ်