(006SV)
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် စစ်အာဏာသိမ်းမှုကို တော်လှန်တိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို့က စစ်မှုမထမ်းမနေရဥပဒေကြောင့် ရောက်ရှိလာသည့် ရဲဘော်သစ်များအတွက် လက်နက်တပ်ဆင်ပေးနိုင်ရန် လိုအပ်နေကြောင်း သတင်းရရှိသည်။
“ကျွန်မတို ဒီ project လေးကို မဖြစ်မနေ စစ်မှုထမ်းဥပဒေကြောင့် တောခိုလာကြတဲ့ ရဲဘော်အသစ်လေးတွေတွက် လက်နက်တပ်ဆင်ဖို့ လိုအပ်လို ကျွန်မတို CDF -Asho အနေနဲ့ လုပ်ရတာဖြစ်ပါတယ်”ဟု CDF – Asho မှ တာဝန်ရှိသူက ပြောသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုတွင် အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်နေကြသည့် ရဲဘော်တချို့ကိုလည်း လက်နက်တပ်ဆင်ပေးနိုင်ခဲ့ခြင်းမရှိသကဲ့သို့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ရောက်ရှိလာသည့် ရဲဘော်အသစ်များအတွက်လည်း လက်နက်တပ်ဆင်ပေးနိုင်ရန် ထပ်မံလိုအပ်နေကြောင်း သိရသည်။
ထို့ကြောင့် မောင်းပြန်တပ်ဆင်ပေးနိုင်ရန် “နွေဦးကမ်းလက်’’ ပရောဂျက်ကို မတ်လ ၂၅ ရက်မှ ဧပြီလ ၂၅ ရက်အထိ တစ်လတာ အစီအစဉ်အနေဖြင့် အကောင်အထည်ဖော်နေသောကြောင့် ပြည်တွင်း၊ ပြည်ပ ပြည်သူများအနေဖြင့် ပါဝင်အားဖြည့်ပေးပါရန် လိုအပ်နေကြောင်း သိရသည်။
မောင်းပြန်တစ်လက်ကို သိန်း ၁၅၀ ခန့် ရှိနေပြီး လက်ရှိ “နွေဦးကမ်းလက်” ပရောဂျက်တွင် အနည်းဆုံး တစ်လက်မျှ ပိုင်ဆိုင်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း၊ ရဲဘော်များကို လက်နက်ခဲယမ်းများ ပိုမိုတပ်ဆင်နိုင်ရန်အတွက် ဘဏ္ဍာငွေများ လိုအပ်နေကြောင်း CDF- Asho မှ တာဝန်ရှိသူက ပြောသည်။
CDF – Asho တပ်ဖွဲ့သည် စစ်အာဏာရှင်တော်လှန်ရေးကာလ ၃ နှစ်ကျော်လာချိန်အထိ တူမီးသေနတ်ဖြင့်သာ အဓိက တိုက်ပွဲဝင်နေရဆဲဖြစ်ပြီး ချေမှုန်းရေးရိုင်ဖယ်များ ရှိလာပါက ပိုမို တိုက်ပွဲဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ တချို့ ရဲဘော်များမှာ လက်နက်မရှိသောကြောင့် တိုက်ပွဲ မဖော်ဆောင်နိုင်၍ စိတ်ဓါတ်ကျဆင်းမှုများ ဖြစ်ပွားနေကြကြောင်း သိရသည်။
မကွေးတိုင်းထဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအဖြစ် ACDF နှင့် CDF- Asho ဟူ၍ တပ်ဖွဲ့နှစ်ဖွဲ့ရှိပြီး စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ချင်းလူငယ်များသည် ယင်းချင်းကာကွယ်ရေးတပ်ဖွဲ့များသို့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရန် ရောက်ရှိလာကြပြီး ထပ်မံဆက်သွယ်ထားသူများလည်း ရှိနေကြောင်း သိရသည်။