(006SV)
စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံအောက်က လုပ်ဆောင်ချက်မှန်သမျှကို လုံးဝ ငြင်းပယ်၍ ဆန့်ကျင်တိုက်ဖျက်နေပြီး စစ်ကောင်စီ နှင့် ဆွေးနွေးစရာအကြောင်းမရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ လက်ထောက်အထွေထွေ အတွင်းရေးမှူး – ၂ ဆလိုင်းထက်နီက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့၏ ယမန်နေ့ နိုဝင်ဘာလ ၅ ရက်တွင် ကျင်းပ ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။
“ယနေ့ နိုင်ငံရေးပြသနာကို ကြည့်ရင် ဘုံသဘောထား ရပ်တည်ချက်ထဲက တစ်ခုကို တင်ပြလိုပါတယ်။ ယနေ့ နိုင်ငံရေး ပြသနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို အကာအကွယ်ပြုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အရင်းခံဖြစ်ပါတယ်။ အဲဒါကြောင့် ဒီ ၂၀၂၁ ကနေ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ထားပြီးလည်း ဖြစ်ပါတယ်။ နိုင်ငံရေးမှာ စစ်တပ်ရပ်တည်ရေးကို ခိုင်မာစေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ လှုပ်ရှား ဆောင်ရွက်မှု၊ စစ်ကောင်စီကို သက်ဆိုးရှည်စေမယ့် လုပ်ဆောင်မှု မှန်သမျှ ဆန့်ကျင်တိုက်ဖျက်နေတာ အားလုံးအသိဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
လတ်တလော မီဒီယာတချို့တွင် ချင်းအမျိုးသားတပ်ဦး CNF သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးကို အချက် ငါးချက်နှင့် စဉ်းစားမည်ဟု ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ ဆလိုင်းထက်နီက နားလည်မှု လွဲမှားနေခြင်းသာဖြစ်ကြောင်း ဖြေကြားသည်။
နိုဝင်ဘာလ ၁ ရက်က CNF ၏ ဒုတိယဥက္ကဌ-၂ ဒေါက်ာတာရွှေခါရ်က ပြည်သူ့ထံသို့ ပန်ကြားချက် မိန့်ခွန်းပြောကြားပြီးနောက် သတင်းမီဒီယာတချို့တွင် ထိုကဲ့သို့သဘောသက်ရောက်သည့်ပုံစံဖြင့် သတင်းများရေးသားဖော်ပြခဲ့ကြသည်။
NUG အစိုးရ၊ K3C နှင့် တော်လှန်ရေးအင်အားစုများသည် ၂၀၀၈ ဖွဲ့စည်းပုံအောက်က စစ်ကောင်စီ၏ နိုင်ငံရေး ဆွေးနွေးပွဲ ကမ်းလှမ်းမှုများကို လက်ခံမည် မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ မိမိတို့၏ ခိုင်မာသည့် ဘုံရပ်တည်ချက်များ အတိုင်သာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NUG နှင့် CNF တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုကြသည်။
“ကျနော်တို့ရဲ့ ဒုတိယဥက္ကဌ ၂ က ဖြေကြားသွားတဲ့ဟာကို သတင်းက ဖော်ပြတဲ့ နေရာမှာ မစုံလင်တာလည်း ပါပါတယ်။ ကျနော်တို့ လက်ရှိရပ်တည်နေတာက ဘုံသဘောထားရပ်တည်ချက်အတိုင်း ပြတ်ပြတ်သားသား ရပ်တည်တာဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ သွားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်မှန်သမျှက ကျနော်တို့က ဘယ်လိုမှ ဆွေးနွေးနိုင်စရာ အကြောင်းမရှိဘူး။ အဲဒါနဲ့ ပြောသွားတာက နိုင်ငံရေး ဆွေးနွေးပွဲ ဆိုတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးရမယ်ဆိုတဲ့ဟာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ ကျနော်တို့ တဖွဲ့ထဲနဲ့ လုပ်လို့ ရတဲ့ ဟာမျိုး မဟုတ်ဘူးဆိုတာကို အတိအလင်းပြောလိုပါတယ်။ အဲဒါကြောင့် သတင်းထဲမှာ ဖော်ပြထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတဲ့ဟာနဲ့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုတဲ့ဟာ မတူပါဘူး။ ကျနော် တို့က ဒီဘုံသဘောထား ရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည်ပြီး စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ လုပ်ဆောင်မှု မှန်သမျှကတော့ အပြတ်အသတ် ငြင်းပယ်တယ်။ ဆွေးနွေးစရာ အကြောင်းမရှိဘူးလို့ ပြန်ပြီး ဖြေချင်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးတည်ချက် ၆ ချက်၊ ရပ်တည်ချက် ၉ ချက်၊ လုပ်ငန်းစဉ် အဆင့်ဆင့် ၆ ချက် ပါဝင်သည့် ဘုံသဘောထား ရပ်တည်ချက်ကို NUG နှင့် CNF၊ KNU၊ KNPP တို့က ပူးပေါင်းထုတ်ပြန်ထားပြီးဖြစ်သည်။
ထိုဘုံသဘောထား ရပ်တည်ချက်၏ ဦးတည်ချက်တွင် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး စစ်တပ်၏ နိုင်ငံရေးမှာ ပါဝင်နေခြင်းကို အဆုံးသတ်ရန်၊ လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ အောက်တွင် အပြည့်အဝထားရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကို အပြီးတိုင်ဖျက်သိမ်းရန်၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောင်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်းကူးပြောင်းရေး ကာလတရားမျှတမှုရရှိရေး ဖော်ဆောင်ရန်တို့ဖြစ်သည်။