ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ဇွန်လ ၄ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး CDF မှ သုံးဦး ကျရှုံးကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရရှိသူထံမှသိရသည်။
“ကျနော်တို့ တိုက်ပွဲက နှစ်နေရမှာဖြစ်တယ် နှစ်ကြိမ်ဖြစ်တယ် ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်နားကရွာတွေမှာပဲ ရွှေအောင်သာရွာမှာ ကျနော်တို့ တပ်ကြပ်ကြီး ရှောင်လင်တစ်ယောက်ကျသွားတယ် CDM ဝင်နေတဲ့ ရဲတပ်ကြပ် သူက မင်းတပ်ကာကွယ်ရေးဦးဆောင်တဲ့အဖွဲ့ကပဲ Sniper ထိပြီးမှကျသွားတယ် သူ့ကိုကယ်ဖို့သွားတဲ့လူကလည်း ဒဏ်ရာရသွားတယ် ရွှေအောင်သာတီုက်ပွဲက မနက် ၅ နာရီစတယ် ၉ နာရီ ၁၀ နာရီလောက်မှာပြီးတယ် မယ်လည်ကုန်းရွာဘက် တိုက်ပွဲက ရွှေအောင်သာကို စစ်ကူသွားတဲ့လူတွေကို မင်းတပ် CDF ကကြားဖြတ်တိုက်တာ အဲဒီမှာပဲ ကျနော်တို့ဖက်က ၂ ယောက်ကျသွားတယ် စပစ်မယ်ဆိုတဲ့အချိန်မှာ မိုးရွာတာပေါ့ သူတို့တူမီးသေနတ်ကအဆင်မပြေတာ အဲလိုဖြစ်တဲ့အချိန်မှာ” ဟု မင်းတပ် CDF က ပြောရေးဆိုခွင့်ရှိသူကပြောသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တိုက်ပွဲဖြစ်ပွားချိန် ကျရှုံးခဲ့သည့် သူများမှာ CDM ဝင် ဒု-ရဲတပ်ကြပ် ရှောင်လင်၊ ရှင်းအောင်ထမ်းနှင့် ထန်းလင်းတို့ဖြစ်ကြသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တို့ကြား ယနေ့မှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း မကြာခင်အတွင်းလည်းပြန်လည် ဖြစ်လာနိုင်ကြောင် CDF ပြောခွင့်ရရှိသူကဆက်ပြောသည်။
မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တိုက်ပွဲကြောင့် ဒေသခံအများစုသည် တောတွင်း စစ်ဘေးရှောင်ထွက်ပြေးနေကြပြီး မြို့ပေါ်တွင်အနည်းငယ်သာကျန်ရစ်ခဲ့ကြသည်။