(002MG)
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ် အမှတ် (၂) ရပ်ကွက်တွင် ယမန်နေ့က ချင်းအမျိုးသားတစ်ဦး မြို့တွင် စီမံကိန်းဧရိယာနယ်မြေအတွင်းသွားရာတွင် မိုင်းနှင်းမိကာ သေဆုံးသွားသည်ဟု ဆမီးမြို့ ဒေသခံကပြောသည်။
“၁၆ ကုတင်ဆေးရုံအသစ်ဆောက်တဲ့နားမှာဖြစ်တာ အဲ့နားတွေမှာတော့ အိမ်ခြေမရှိဘူး။ သူ့ညာဖက်ခြေထောက်က ပြတ်သွားတယ်၊ AA ဆေးရုံမှာတင်တာ ဒေါက်တာကမနိုင်တော့ ရခိုင် ကျောက်တော်မှာသွားတာ ဟိုမှာဆုံးသွားတယ်။ ဒီနေ့တော့ ကျောက်တော်ကနေ လိပ်ကောင်းတံတားအထိ ပို့လာမယ် ဆမီးအောက်ပိုင်းကနေ လှေနဲ့ ကြိုခိုင်းတယ် ညတော့ ဘယ်ချိန်ရောက်မလဲမသိသေးဘူး” ဟု ဆမီးမြို့ခံက ပြောသည်။
အဆိုပါ သေဆုံးသွားသည့်အမျိုးသားသည် အသက် (၆၈) အရွယ် ဦးလိုက်ထန်ဖြစ်ပြီး မိသားစုနှင့်အတူ ကျေးရွာဖက်သို့ စစ်ဘေးရှောင်ရာမှ ဆမီးမြို့သို့ပြန်လာသည်မှာ (၃) ရက်သာရှိသေးသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲကြောင့် ဆမီးမြို့တွင်းနေထိုင်သူ ပြည်သူများသည် နီးစပ်ရာကျေးရွာတို့တွင် စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိတွင် မြို့တွင်း ပြန်လည်နေထိုင်လာသူအနည်းငယ်လာပြီဟု သိရသည်။