(002MG)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ဗျူဟာကုန်းစခန်းမှ ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာတစ်ရွာက အုပ်ချုပ်ရေးမူးနှင့် လူငယ် (၃) ဦးကို ဖမ်းဆီးသွားသည်ဟု ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။
ဆလိုင်းမျိုးထိုက်က “သူတို့က ရွာမှာရှိတဲ့အချိန်မှာ ဝိုင်းပြီးတော့ဖမ်းတာ ပြန်ခုခံဖို့လုပ်ပေမယ့် ရွာသားတွေကို ထိခိုက် မှာစိုးလို့ နောက်ဆုတ်တဲ့အချိန်ဖမ်းခေါ်သွားတာပါ အုပ်ချုပ်ရေးမူးတယောက်နဲ့ လူငယ် (၃) ဦး သူတို့ကို ဘယ်ကို ခေါ်သွားလဲဆိုတာ ကျွန်တော်တို့လည်း စုံစမ်းနေဆဲပါ၊ အဲ့ ရွာကအမျိုးသားမှန်သမျှကိုလည်း စကစတွေက ရိုက်တယ်လို့ပြောတယ်” ဟု ပြောသည်။
ဆမီးမြို့က အမှတ် (၂) စစ်ကောင်စီဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့် ဇန်န၀◌ါရီလ ၁၄ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယင်းဗျူဟာကုန်းက စစ်ကောင်စီတပ်သား ၂၀၀ ၀◌န်းကျင်ခန့်မှာ မတူပီမြို့နယ်ဘက်သို့ ဦးတည်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့များနှင့် CDF-ပလက်ဝ၊ CDF-မတူပီ ပူးပေါင်းတပ်ဖွဲ့တို့သည် ဇန်န၀◌ါရီ လ ၁၈ ရက်ကစ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။
တိုက်ပွဲအတွင်း အထိနာ နေသော စစ်ကောင်စီတပ်ဖွဲ့များသည် ပလက်၀နှင့် မတူပီမြို့နယ်ကြားက ကျေးရွာများထဲ၀င်ရောက်ကာ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့် ဖမ်းဆီးခံရသော အုပ်ချုပ်ရေးမှူးနှင့် လူငယ် ၃ ဦးတို့၏ အခြေအနေကို ဖုန်းလိုင်းအခက်အခဲကြောင့် ယနေ့ချိန်ထိ မသိရသေးကြောင်း ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သော ခရိုင်ကောင်စီ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။