(006SV)
အိန္ဒိယ – မြန်မာနယ်စပ် တမူးမြို့အနီးတွင် တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့သည့်ကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အိန္ဒိယအစိုးရ တာဝန်ရှိသူများနှင့် အမှုမှန်ပေါ်ပေါက်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူများ အနေဖြင့် လက်ခံရရှိသည့် သတင်းပေးပို့ တိုင်ကြားချက်များ အပြင် ကနဦး မြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်များ အရ အိန္ဒိယ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ၍ အမှုမှန်ပေါ်ပေါက်စေရေး ဆက်လက် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း ကနဦး အသိပေး တင်ပြအပ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။
အိန္ဒိယ – မြန်မာ နယ်စပ် တမူးမြို့ အနီး ပကဖ အဖွဲ့ဝင် (၁၀) ဦး ကျဆုံးခဲ့ရသည့် ကိစ္စနှင့်ပက်သက်၍ “အသိပေးခြင်း” ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်ဇင်မာအောင်က ၎င်း၏ လူမှုကွန်ယက်မှတဆင့် ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အိန္ဒိယတာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောသည်။
မေလ ၁၄ ရက်က တမူးမြို့နယ်၊ အာရှလမ်းမကြီးပေါ်က ကမ္မကြီးကျေးရွာနှင့် ထင်းဇင်ကျေးရွာအကြားမှာ နယ်စပ်လုံခြုံရေး အတွက် မြန်မာပိုင်နက်အတွင်း ကင်းစောင့်နေသည့် တမူးခရိုင်တပ်ရင်းမှ ရဲဘော်များကို အာသံရိုင်ဖတ်တပ်က ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ပြောဆိုထားသည်။
အိန္ဒိယသတင်းများတွင် အိန္ဒိယ -မြန်မာ နယ်စပ်၊ မဏိပူပြည်နယ်မှာ အာသံရိုင်ဖယ်တပ်ရင်းက ပစ်ခတ်တာကြောင့် မြန်မာလက်နက်ကိုင် ၁၀ ဦး သေဆုံးခဲ့သည်ဟု ရေးသားဖော်ပြသည်။
အာသံရိုင်ဖယ်တပ်ဖွဲ့၏ တပ်ရင်း တစ်ခုသည် အိန္ဒိယ-မြန်မာ နယ်စပ်အနီး ချန်ဒယ်ခရိုင်၊ နယူးဆပ်တယ်ကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့တွေ၏ လှုပ်ရှားမှု သတင်းကြောင့် စီးနင်းတိုက်ခိုက်ရာ စစ်ဝတ်စုံဝတ်ဆင်ထားသော တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကြောင်း မေလ ၁၅ ရက် စစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရသည်။