ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့က ကလေးြမို့ဘက်သို့ ဆင်းသွားသော ဒိုင်နာကားတစ်စီး မတော်တဆဖြစ်မှုကြောင့် ခရီးသည် ၂ ဦး သေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
တီးတိန်မြို့နယ် တုန်းဇန်ကျေးရွာမှ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်သို့ ဆင်းသွားသော ခရီးသည် ၈ ဦးပါလာသည့် ဒိုင်နာကားတစ်စီးသည် ဒိမ်လိုကျေးရွာလမ်းခွဲအနီးတွင် ကားဘရိတ်ပေါက်ပြီး မြေထိမ်းနံရံတိုက်မိကာ ပေ ၂၀၀ ကျော်နက်သော ချောက်ထဲသို့ လိမ့်ကျခဲ့ခြင်းဖြစ်သည်။
ကူညီပေးခဲ့သူ တစ်ဦးက “တွေ့တဲ့လူတွေက ကျွန်တော်တို့ကို လှမ်းကြောင်းကြားတာ၊ ရောက်တော့ ဒါဏ်ရာသိပ်မပြင်းထန်တဲ့ လေးယောက်က လမ်းပေါ်တက်နိုင်နေပြီ။ ထပ်ရှာတော့ နှစ်ယောက်ပြန်တွေ့တယ်။ နောက်နှစ်ယောက်ကျန်နေေ သးလို့၊ နောက်ထပ် လူမှုကူညီရေးအသင်းတစ်ခုကို အကူအညီတောင်းပြီး ဒါဏ်ရာရတဲ့ ခြောက်ယောက်ကို တီးတိန် ဆေးရုံသို့ ပို့နှင့်လိုက်တယ်။ နောက်ထပ် နှစ်ယောက်ကိုတော့ နဲနဲနောက်ကျမှ အနီးနားမှ ပြည်သူများနှင့် ကူညီရေးအသင်း စုပေါင်းရှာဖွေပြီး ဆေးရုံပို့ခဲ့ရတယ်” ဟု ပြောသည်
အဆိုပါကားတိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို လူမှုကူညီရေး လူငယ်အဖွဲ့အစည်း များဖြစ်သော Leitawhtan ZYA, Leilum ZYA , Dimlo ZYA တို့နှင့် အနီးအနားပြည်သူများက တီးတိန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ကြပြီး ဒဏ်ရာ ပြင်းထန်သည့် ခရီးသည် ၄ ဦးကို ကလေးမြို့သို့လွှဲပြောင်းကာ ပို့ဆောင်နေစဉ် ည ၉ နာရီကျော်တွင် ဦးထန်ခွါကျင်တွောင် ကွယ်လွန်ခဲ့သည်ဟု လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ကျန်လူနာ ၃ ဦးကို ကလေးမြို့သို့ဆက်လက်ပို့ဆောင်ခဲ့ပြီး ဒါဏ်ရာ ပြင်းထန်သူတစ်ဦးကို မန္တလေးဆေးရုံသို့ ထပ်မံလွှဲပြောင်းကာ ဇွန် ၂၁ ရက်တွင် မန္တလေးသို့သွားစဉ် ရေအိုးမြို့အနီးတွင် ဦးသွောလ်လျန်ဇမ် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
ယခုလက်ရှိတွင် ဒဏ်ရာရရှိသူထဲမှ အမျိုးသမီးတစ်ဦးမှာ ကလေးမြို့ စစ်ဆေးရုံတွင် ဆက်လက်ကုသမှုခံယူနေပြီး ကျန် ၅ ဦးမှာမူ ကျန်းမာရေးအခြေအနေကောင်းမွန်ကာ မိမိတို့နေအိမ်အသီးသီးသို့ ရောက်ရှိကြပြီဟု သိရသည်။