(04SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာကို မီးရှို့ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဖက်က အနည်းဆုံး ၃ ဦးထိခိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်က တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
အင်အား ၂၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၂၅ ရက်နေ့မနက်ပိုင်းတွင် သာစည်ကျေးရွာက လူနေအိမ်ခြေ ၁၀ လုံးထက်မနည်း မီးရှို့ပြီးနောက် ပြန်လည်ထွက်ခွါလာစဉ်တွင် CDF-KKG, CNDF-Vakok, PDF-Kalay နှင့် ပကဖ စသည့်ပူပေါင်းတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃ ဦးထက်မနည်း ထိခိုက်မှုရှိပြီး CNDF က ရဲဘော်တစ်ဦးကျဆုံးကာ ၃ ဦးဒါဏ်ရာရှိကြောင်း သိရသည်။
CDF-KKG သတင်းမှန် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “ဇင်းကလင်းကနေထွက်လာတဲ့စကစတွေပေါ့သာစည်ရွာကို မီးရှိုပြီးပြန်ထွက်လာတဲ့ဟာကို ကျွန်တော်တို့ ပူပေါင်းတပ်ဖွဲ့တွေကချောင်းပြီး ပစ်ခတ်ခဲ့တာပေါ့။ ထိခိုက်မှုကတော့ အနည်းဆုံး ၃ ယောက်တော့ရှိနိုင်မယ်ဗျ။ ပစ်ခတ်မှုပြီးမှ ပြန်ဆုတ်ခွါလာတဲ့ချိန်မှာ စကစ ဘက်ကနေ လက်လက်ကြီး တွေနဲ့ပစ်ကူပေးတယ်။ အဲမှာ လက်နက်ကြီးကြောင့် CNDF က ရဲဘော်တစ်ယောက်ကျဆုံးသွားတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်တို့ KKG တပ်ရင်း၂ က ရဲဘော် ၂ ယောက်၊ တပ်ရင်း ၃ က ရဲဘော် ၁ ယောက် ထိခိုက်ထားတယ်ပေါ့နော်” ဟု ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် CNDF-Vakok တပ်ရင်းက ရဲဘော် မင်းခန့်ကျော် (ခေါ်) သားလေးကျဆုံးခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့သည် လွန်ခဲ့သည့် နှစ်ပတ်ခန့်ကစ၍ ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်က ဇင်းကလင်းကျေးရွာတွင် အင်အား ၈၀ ခန့်ဖြင့် ခြေကုတ်ယူတပ်စွဲထားပြီးနောက် သာစည်ကျေးရွာကို ဇွန်လ ၂၅ ရက်နေ့ မနက်ပိုင်းတွင် မီးရှို့ခဲ့ခြင်းဖြစ်သည်။
အိမ်ခြေ ၁၂၀ဝ ဝန်းကျင်ခန့်ရှိသော သာစည်ကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့များ ၎င်းတို့ကျေးရွာသို့ ဝင်ရောက်မလာခင်မှာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု သိရသည်။
ယခုလက်ရှိအချိန်တွင်လည်း နှစ်ဖက်တိုက်ပွဲထိတွေမှု မရှိသေးသော်လည်း တိုက်ပွဲဖြစ်ပွားနိုင်သည့်အနေအထားဖြင့် စစ်ရေးတင်းမာနေကြောင်း သိရသည်။