ချင်းပြည်နယ် ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူများအနက် ၃ ဦးကို ယမန်နေ့ (ဇွန်လ ၇ ) ရက်ည ပြန်လွှတ်ပေးခဲ့ပြီး ယခုလက်ရှိတွင် ၆ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဟု သိရသည်။
“မနေ့ညက ၃ ဦးလွတ်တယ်၊ နောက်ဆုံးမှာ ခေါ်သွားတဲ့ ၃ ယောက်တော့လွတ်ပြီ၊ ခု ၆ ယောက်တော့ကျန်သေးတယ်” ဟု ပလက်ဝမြို့ခံတစ်ဦးကပြောသည်။
အဆိုပါ ပြန်လွတ်လာသူ (၃) ဦးမှာ အိုက်အောင်သီဟ၊ အောင်နိုင်ထွန်း၊ အိုက်ဂျွန်ဉာဏ်လင်းထွန်း(ခ) အပုစူတို့ဖြစ်ကြပြီး ကျန် ၆ ဦးကိုမူ ပလက်ဝမြို့ ၂ ဖွဲ့ခွဲပြီးထားရှိကြသည်ဟု အဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးဖြစ်သူကပြောသည်။
“မြို့နယ်မှုးရုံးဖက်ကို တချို့ထားတယ် ဟိုဖက်ရဲစခန်းဖက်ကို တချို့ထားတယ်၊ သူတို့ကိုပြောတာ ဘယ်လိုဖြစ်လို့ သူတို့ကို မလွတ်သေးတာလဲ၊ စစ်လဲမစစ်ပဲ ဒီလိုပဲထားမှာလားလို့မေးတော့ သူတို့ဖြေထားတာတွေကို အထက်ကိုတင်ထား တယ်အဲ့ကနေအဖြေလာမှ သိရမယ်လို့ပြောတယ်၊ အခုအဖမ်းခံထားရတာ ၁၁ ရက်ရှိပြီ၊ တခုတော့စိုးရိမ်တယ် သူကဘာမှလည်းမလုပ်ထားဘူးဆိုတော့ အဲ့လိုမျိုးစစ်မေးတယ်၊ တော်ကြာကြရင်ပုဒ်မတွေ တပ်မှာပဲစိုးရိမ်တယ်၊ သူဘာမှ မလုပ်ထားဘူးဆိုတာလည်း သူ့ဇနီးအနေနဲ့အားလုံးသိတယ်” ဟု အဖမ်းဆီးခံရသူတစ်ဦး၏ ဇနီးဖြစ်သူကပြောသည်။
ပလက်ဝမြို့ ထွေအုပ်ရုံးရှေ့ နှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် မေလ ၂၈ ရက်နေ့မနက်က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီးနောက် အာဏာသိမ်းစစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းတွင်အလုပ်လုပ်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၁၂ ဦးကို ပြန်လည်လွှတ်ပေးကာ ၆ ဦးကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်သည်။