(006SV)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေမှုကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီဝန်ထမ်းများနှင့် ဒေသခံပြည်သူများ အားလုံးနီးပါးသည် နေ့ရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြောင်း ဒေသခံနှင့် ပလက်ဝခရိုင်အုပ်ချုပ်သောကောင်စီ တာဝန်ရှိသူများက ပြောသည်။
“မြို့ပေါ်မှာလည်း ဖုန်းလိုင်းက ဖြတ်တောက်ထားတဲ့ အနေအထား ရှိတော့ ဘယ်လောက်ကျန်သေးလဲတော့ မသိသေးဘူး။ အများအားဖြင့် ဝန်ထမ်းတွေရော၊ ပြည်သူတွေရော မြို့ပေါ်ကနေ စွန့်သွားရတာ သေချာတယ်။ မြို့ပေါ်မှာလည်း မသွားနိုင်တဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းတဲ့ လူတွေ ကျန်သေးတယ်။ သွားလာလို့ ခက်ခဲတဲ့ လူတွေက ကျန်ဦးမယ် ထင်ပါတယ်” ပလက်ဝခရိုင်အုပ်ချုပ်သောကောင်စီ ဥက္ကဌ ဆလိုင်းမျိုးထိုက်က ပြောသည်။
ပလက်ဝမြို့ပေါ်က ဒေသခံပြည်သူ ၆ ထောင်ခန့်သည် မြို့ပေါ်နှင့် မြို့အနီးတွင် စစ်ကောင်စီနှင့် ရက္ခိင်တပ်တော် AA တို့၏ တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပလက်ဝစစ်ရေးအခြေအနေကို သိရှိသည့် ဒေသခံနှင့် ပလက်ဝကောင်စီတို့မှ သိရသည်။
ပလက်ဝမြို့ပေါ်က ရဲစခန်းကိုလည်း ရက္ခိုင်တပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး နေရာယူထားကြောင်း၊ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များသည် ကုလားတန်မြစ်တစ်ဘက်ကမ်းရှိ ခလရ – ၂၈၉ တပ်ရင်းသို့ ထွက်ပြေး၍ ပူးပေါင်းနေကြသည်ဟု သိရသည်။
ပလက်ဝမြို့ တိုက်ပွဲများကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး၊ ခြောက်ဦး ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း၊ မြို့ပေါ်နေအိမ်တချို့ မီးလောင်ခံထားရကြောင်း ဒေသခံနှင့် ပလက်ဝခရိုင်အုပ်ချုပ်သောကောင်စီမှ တာဝန်ရှိသူများက ပြောသော်လည်း လက်ရှိ အချိန်အထိ ပလက်ဝမြို့တွင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေ၍ သီးခြားအတည်မပြုနိုင်သေးပေ။
“လူတွေက အကုန်လုံးက ထွက်ပြေးကြရတယ်။ ဌာနဆိုင်ရာတွေလည်း အကုန် ထွက်ပြေးကြတယ်လို့ ကြားရတယ်။ ရဲတွေက တပ်မ ၂၈၉ ဘက်ကို ပြောင်းပြီး နေကြတယ်။ ဒီမနက်လည်း အသံတွေ ကြားနေရတယ်တဲ့။ တိုက်လေယာဉ်တွေနဲ့ ၃ ခေါက်သွားတယ်။ ကင်းထောက်လေယာဉ်တစ်စီး ထွက်သွားတယ်။ စစ်ရေးက တအားတင်မားတယ်။ သုံးရက် သုံးည ဆက်တိုက်ဖြစ်နေတာ၊ ဒီနေ့က နည်းနည်းငြိမ်တယ်” ဟု ပလက်မြို့က စစ်ရေးအခြေအနေကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။
ပလက်ဝမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူ နှစ်သောင်းကျော်သည် စားနပ်ရိက္ခာ၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအတွက် ဆေးဝါးပစ္စည်းနှင့် နေရာထိုင်ခင်း အမိုးအကာပစ္စည်းများ အရေးပေါ် လိုအပ်နေသည်ဟု ပလက်ဝမြို့နယ်က ကျေးရွာ ၃၀ ကို ကွင်းဆင်းပြီးနောက် ပလက်ဝခရိုင်အုပ်ချုပ်သောကောင်စီက ဇန်နဝါရီလ ၆ ရက်က သတင်းထုတ်ပြန်သည်။
“အခုက ပလက်ဝအနေအထားက အငတ်ဘေးတောင်မှ မကြာခင် ကြုံရမယ့်အနေအထား ရှိတယ်။ အခုတောင်မှ တချို့ ပြည်သူတွေ၊ ညီအစ်ကိုတွေဟာ အငတ်ဘေးတွေ ကြုံတွေ့နေရပြီးဆိုတာ ကြားသိနေရတယ်။ နေ့တိုင်းစားဖို့တောင် မရှိဘူး။ ဆီဆားဆိုရင် မပြောနဲ့။ ဆေးဝါးဆိုရင်လည်း ဆေးတစ်လုံးတောင်မှ ရှာမရတဲ့ အနေအထားတွေလည်း ရှိနေပါတယ်” ဟု ဆလိုင်းမျိုးထိုက်က ပြောသည်။
ပြည်တွင်းပြည်ပ ပြည်သူများနှင့် နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်းများထံမှ လူသားစာနာအကူအညီများ အရေးပေါ် လိုအပ်နေသောကြောင့် ကူညီကြရန် မေတ္တာရပ်ခံထားသည်။
ရက္ခိုင်တပ်တော် AA သည် ပလက်ဝမြို့နယ်က ခလရ – ၂၈၉ ဗျူဟာကုန်းအပါအဝင် စစ်ကောင်စီ၏ ခြေလျင်နှင့် ခြေမြန်တပ်ရင်း ၈ ခုကို ဇန်နဝါရီလ ၁ ရက်မှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။