(006SV)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံသို့ ချင်းပြည်နယ်မှ စစ်ကောင်စီတပ်သား (၃) ဦး လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်ရောက်ပြီး ငွေကျပ်သိန်း (၂၀၀) ကျော် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ဇန်နဝါရီလ ၁၁ ရက်က ချင်းပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးသည် MA1 ရိုင်ဖယ် (၁) လက်၊ MA3 ရိုင်ဖယ် (၁)လက်၊ လက်ပစ်ဗုံး (၆) လုံး၊ ကျည်ဘောက် (၆) ခု၊ အီနာဂါ (၄) ဖူး၊ ကျည်ဆံ (၄၉၀) တောင့်တို့ကို သယ်ဆောင်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့က သတင်းထုတ်ပြန်သည်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တို့မှ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးကို တစ်ဦးလျှင် ငွေကျပ် (၇၀) သိန်းစီဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၂၁၀ တို့ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပုလဲမြို့နယ် လူသားစာနာတာဝန်ခံမှလည်း ငွေကျပ် ၁ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်ဟု သိရသည်။
အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသည် ချင်းပြည်နယ်မှ စစ်ကောင်စီ၏ မည်သည့်တပ်ရင်းများမှဖြစ်သည်ကို ပုလဲမြို့နယ်ပအဖက ထုတ်ပြန်ထားခြင်းမရှိပေ။