Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ပေါင်းစည်းဖို့ ပိုခက်လာတဲ့ ချင်းနွေဦး (သို့မဟုတ်) ချင်းတော်လှန်ရေး “စင်ပြိုင်အစိုးရ” မြင်တွေ့ရမှာလား

ပေါင်းစည်းဖို့ ပိုခက်လာတဲ့ ချင်းနွေဦး (သို့မဟုတ်) ချင်းတော်လှန်ရေး “စင်ပြိုင်အစိုးရ” မြင်တွေ့ရမှာလား

0
By Editor on December 21, 2024 Featured

ရေး – Salai Vakok

“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး”

ဖလမ်းမြို့ကနေ မိသားစုနဲ့အတူ စစ်ဘေးရှောင်ပြေးနေရတဲ့ ဆလိုင်းဗန်ထော (အမည်လွှဲ) ရဲ့ စိုးရိမ်ပူပန်မှုနဲ့ ပြောဆိုလာမှုပါ။

ကိုဆလိုင်းဗန်ထော ရည်ညွှန်းပြောဆိုတာက တူမီးစွဲကိုင်တော်လှန်ကြတဲ့ ချင်းအင်အားစုတွေဟာ နွေဦးတော်လှန်ရေး ၄ နှစ်နီးပါးရှိလာချိန်မှာ အချင်းချင်း နိုင်ငံရေးသဘောထားကွဲလွဲမှုက ညှိလို့မရဘဲ ပိုရှုပ်ထွေးမယ့်အလားအလာတွေ ဖြစ်ပေါ်နေတာကိုဖြစ်ပါတယ်။

CNF ဦးဆောင်တဲ့ ချင်းအင်အားစုတွေက ချင်းပြည်ဖွဲ့စည်းပုံကို ရေးဆွဲပြဌာန်းပြီး ချင်းပြည်အစိုးရ တည်ထောင်မှု တနှစ်နီးပါးရှိလာချိန်မှာ ချင်းညီနောင်အင်အားစုကလည်း အစိုးရ ဖွဲ့နိုင်ဖို့ Charter မူကြမ်းကို ရေးဆွဲထားပြီလို့ အသိပေးလာပါတယ်။

ဒါက နိုင်ငံအနောက်ပိုင်း တောင်တန်းဒေသမှာ ချင်းတော်လှန်ရေးအင်အားစုတွေကို “စင်ပြိုင်အစိုးရ” တွေအဖြစ် မြင်တွေ့ရမလားဆိုတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာခြင်းပါ။

“ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ပြန်ပေါင်းစည်းဖို့ တောက်လျှောက် ပြောပေမယ့် တဖက်မှာ ဒီတာဝန်ရှိ သူတွေက ပြန်ပေါင်းဖို့ လမ်းကြောင်း မတွေ့ရဘူးလို့ မြင်တယ်။ စကစနဲ့ ဖြစ်နေတဲ့ ဒေါင်လိုက်ပြသနာကို ဖြေရှင်း နေရအချိန်မှာ အလျားလိုက်ပြသနာက ပိုကြီးထွားလာတာက တော်တော်လေး စိုးရိမ်စရာ ကောင်းတယ်” လို့ ကို Edward က ပြောပါတယ်။

နယ်ပယ်စုံက ချင်းအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းတဲ့ ကို Edward တို့ရဲ့ Chin Civic Movement – CCM ဟာ လူထုစစ်တမ်းတွေ ကောက်ယူပြီး ချင်းအကွဲအပြဲကို ပြန်စုစည်းကြဖို့ ဆော်ဩနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဖက်အင်အားစုတွေရဲ့ လစ်လျူရှုခံနေရဆဲပါ။
ဒီနေ့ ချင်းနိုင်ငံရေး အခင်းအကျင်း တစုံလုံးဟာ လုံးဝကောင်းတဲ့ အလားအလာ မဟုတ်ဘူးလို့လည်း သူက သတိပေးနေပါတယ်။

#အသစ်မြင်တွေ့ရနိုင်တဲ့ ချင်းအစိုးရ

ကြားကာလ ချင်းအစိုးရ တရပ် အကောင်အထည်ဖော်နိုင်ရေး ဖွဲ့စည်းပုံ ပဋိညာဉ် (Charter) မူကြမ်းကို ရေးဆွဲထား ပြီလို့ ချင်းညီနောင် (CB) နဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ (ICNCC) တို့ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးအတွက် အရေးပေါ် ရန်ပုံငွေ ရှာဖွေခြင်းကို နိုဝင်ဘာလထဲ အွန်လိုင်းက ပြုလုပ်တဲ့ ပွဲတွေမှာ လူထုကို ချင်းနိုင်ငံရေးအခြေအနေတွေအကြောင်း အသိပေးလာတာဖြစ်ပါတယ်။

၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပေါက်ဖွားလာတဲ့ ချင်းလူငယ်တော်လှန်ရေးအင်အားစုတွေ ဦးဆောင်ပြီး ချင်းပြည်အစိုးရ တရပ်ကို ဖွဲ့စည်းကြမှာ ဖြစ်ပါတယ်။ ချင်းညီနောင်ဖွဲ့စည်းပြီး တနှစ်ဝန်းကျင်အကြာမှာ အစိုးရဖွဲ့ဖို့ ထုတ်ပြောလာတာပါ။

“ICNCC အနေနဲ့ ချင်းပြည်ရဲ့ အစိုးရ ဖြစ်ပေါ်လာရေး လုပ်ဆောင်နေတဲ့အခါမှာ ကျနော်တို့ ချာတာက draft (မူကြမ်း) ကတော့ ပြီးသွားပါပြီ။ review (ပြန်သုံးသပ်ခြင်း) ပြန်လုပ်ဖို့နဲ့ အတည်ပြုပြီးတော့မှ အတည်ပြုမယ့် ချာတာအရ ဖွဲ့စည်းဖို့ ရှိနေပါတယ်” လို့ ချင်းအမျိုးသားအဖွဲ့အချုပ် (CNO/CNDF) ဒု-ဥက္ကဌ ဆလိုင်းပီတာထန်က ပြောပါတယ်။

ချာတာ (Charter) ဟာ ချင်းတော်လှန်ရေး ဦးဆောင်အဖွဲ့အစည်း အချင်းချင်းကြား နားလည်မှု ပဋိပညာဉ်မူ ဖြစ်ပါ တယ်။ ဒီကနေ့ တော်လှန်ရေးကာလ လူထုဆန္ဒခံယူမှုတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲနိုင်မှီ ချာတာရေးဆွဲ အတည်ပြုပြီး ကြားကာလအစိုးရတရပ် ဖွဲ့စည်းကာ အုပ်ချုပ်ရေးယန္တရားတွေကို အကောင်အထည်ဖော်နိုင်ရေး ပြင်ဆင်ခြင်းဖြစ်ပါတယ်။

အားလုံးပါဝင်တဲ့ ချင်းပြည်အခင်းအကျင်း မဖြစ်မှာကို စိုးရိမ်တဲ့အတွက် CNF အပါအဝင် ချင်းလဲန်းကောင်စီ (CC) အဖွဲ့ဝင်တွေကို ပြန်လာနိုင်ဖို့ စောင့်နေတဲ့ “ကျေးဇူးတော်ကာလ” ဖြစ်တယ်လို့ ဆလိုင်းပီတာထန်းက ပြောပါတယ်။

စောင့်နေတဲ့ ကာလကို ကျော်လွန်ပြီး ချင်းလဲန်းကောင်စီအဖွဲ့ဝင်တွေ ပြန်မလာရင်လည်း လုပ်စရာရှိတာကို ဆက်လုပ်ဖို့ အသင့်ပြင်ဆင်ထားတဲ့ အနေအထားဖြစ်တယ်လို့ ဆလိုင်းပီတာထန်းက ရှင်းပြပါတယ်။

ချင်းညီနောင်နဲ့ ICNCC ဟာ တန်းတူရေးနဲ့ တရားမျှတရေးကို အခြေခံတဲ့အတွက် ဘယ်မျိုးနွယ်စုမှ မကျန်ခဲ့စေဖို့ ဆောင်ရွက်မယ်၊ ဖွဲ့စည်းပုံမှာလည်း အချင်းချင်းကြားမှာ ဒေါင်လိုက် (vertical) ဆက်ဆံရေးမျိုး မဟုတ်ဘဲ အလျားလိုက် (horizontal) ဆက်ဆံရေးမျိုးကို တည်ဆောက်ထားတယ်လို့ CNO/CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်း ပြောပါတယ်။

“အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာတော့ very decentralized (ဗဟိုချုပ်ကိုင်မှု နည်းပါး)နဲ့ autonomy (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) ကို ကျင့်သုံးပြီးတော့မှ စစ်ရေးမှာတော့ တပ်ပေါင်းစုတစ်ခု ၊ ချင်းတပ်တခု ဖြစ်လာရေးကိုလည်း ချင်းညီနောင်က သွားနေပါတယ်” လို့ ဆလိုင်းဝီလီယံချင်းက ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ဝင်တချို့ကတော့ ကြားကာလအစိုးရ ဖွဲ့စည်းနိုင်ရေးနဲ့ ပတ်သက်လို့ ချင်းညီနောင်အဖွဲ့အစည်းကြားမှာ ဆွေးနွေးဆုံးဖြတ်မှုမျိုး မရှိသေးဘူးလို့ ခိုနူမ်းသုန်းကို မှတ်ချက်ပေးပါတယ်။

ချင်းညီနောင် (CB)နဲ့ ICNCC အဖွဲ့မှာ ချင်းအမျိုးသားကောင်စီ(မင်းတပ်)/CDF-Mindat ၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖယ် ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)၊ CDF-Kanpetlet/ကန်ပက်လက်မြို့နယ်ကောင်စီ ၊ မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ (MTC/MDF) နဲ့ CDF – မတူပီ တပ်မဟာ-၁ တို့ ပါဝင်ပါတယ်။

#ချင်းပြည်ကောင်စီရဲ့ ချင်းလန်းအစိုးရ

တဖက်မှာလည်း ချင်းပြည်ကောင်စီအဖွဲ့ဝင်တွေဟာ ၂၀၂၄ ဖေဖော်ဝါရီလက ချင်းပြည်အစိုးရကို ဖွဲ့စည်းတည်ထောင်ပြီး ချင်းပြည်မဏ္ဍိုင် ၃ ရပ် လည်ပတ်နိုင်ရေးအတွက် လိုအပ်နေတဲ့ ဥပဒေတွေနဲ့ Institution တွေကို လျင်လျင်မြန်မြန် ဖော်ဆောင်နေပါတယ်။

ချင်းပြည်အစိုးရကို ချင်းအမျိုးသားတပ်ဦး CNF ဦးဆောင်တဲ့ ချင်းအင်အားစုတွေက ၂၀၂၃ နှစ်ကုန်ပိုင်းမှာ ချင်းပြည်ကောင်စီကို ဖွဲ့စည်းပြီး ၃ လအတွင်းမှာ အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

ချင်းပြည်အစိုးရဟာ အစိုးရဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့အစည်း ၁၅ ခုနဲ့ စီမံအုပ်ချုပ်ရေး ယန္တရားတွေကို အကောင် အထည်ဖော်နေပြီး ချင်းလဲန်းလွတ်တော်က တနှစ်အတွင်းမှာပင် ဥပဒေ ၄ ခုကို အတည်ပြုပြဌာန်းခဲ့ပါတယ်။ ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကိုလည်း မကြာမီ အတည်ပြုဖို့ ရှိနေပါတယ်။

“ကျနော်တို့ကတော့ လက်ရှိကျနော်တို့ သွားနေတဲ့လမ်းကြောင်းအတိုင်း ဆက်ပြီးတော့ သွားနေဦးမှာပဲ” လို့ ချင်းလဲန်း ကောင်စီ အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ်က ဆိုပါတယ်။

ချင်းလဲန်းကောင်စီ (CC)မှာ CNF/CNA, CDF- Matupi တပ်မဟာ ၂၊ CDF-Lautu ၊ CDF-Zotung၊ CDF-Paletwa ၊ CDF-Hualngoram၊ CDF-Tonzang ၊ CDF- Hakha ၊ CDF-Thantlang ၊ CDF-KKG ၊ CDF-Zophei ၊ CDF/CDM-SIYIN၊ PDA-Tedim၊ CDF-Zanniatram၊ Senthang Revolution Force နဲ့ ကန်ပက်လက်ကောင်စီ စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။

အာဏာသိမ်းပြီးခါစ ချင်းတော်လှန်ရေးဟာ ၃ လအကြာမှာ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ကို ဖွဲ့စည်းလို့ စုစုစည်းစည်း၊ ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့ကြ ပါတယ်။

အဲဒီနောက် သဘောထား ကွဲလွှဲမှုတွေကနေ ၂၀၂၃ ဧပြီလထဲမှာ CNF နဲ့ လွှတ်တော် ကိုယ်စားလှယ် ထက်ဝက်ခန့်ဟာ ICNCC မှ နှုတ်ထွက်သွားပြီး တော်လှန်ရေးကာလ ချင်းအင်အားစုဟာ အုပ်စုနှစ်ခုဖြစ်လာခဲ့တာပါ။

ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေ ပေါင်းစည်းထားတဲ့ ချင်းပြည်ကာကွယ်ရေး ပူးတွဲကော်မတီ (CJDC) ပြိုကွဲအပြီးမှာလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းက မတူပီမြို့သိမ်းတိုက်ပွဲကာလ ချင်းတပ်ဖွဲ့အချင်းချင်း အပြန်အလှန် ပစ်ခတ်မှုမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ချင်းအင်အားစုတွေ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ချင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအဖွဲ့ (Chin Peace and Reconciliation Initiative) ၊ Zo Reunification Organization (ZORO)၊ Crisis Management Initiative (CMI) အပါအဝင် ပြည်တွင်းပြည်ပ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။

၂၀၂၄ခုနှစ် စက်တင်ဘာလထဲက ZORO အဖွဲ့ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုမှာတော့ ချင်းပြည်အစိုးရနဲ့ ICNCC ၊ ချင်းညီနောင် တို့ကြားမှာ သဘောထားကွဲလွှဲမှုတွေကို လက်နက်နဲ့ ဖြေရှင်းတဲ့ နည်းလမ်းကို အသုံးမပြုကြဖို့၊ ထပ်မံတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြဖို့ အပါအဝင် အချက် ၅ ချက်ကို သဘောတူခဲ့ကြပါတယ်။

ပြည်တွင်းပြည်ပအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးကော်မတီတွေက ပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းနေ ကြပေမယ့် လက်ရှိ ချင်းနိုင်ငံရေးအခင်းအကျင်းဟာ ပေါင်းစည်းဖို့ တကယ်တမ်း အဆင်မပြေတော့ဘူး ဆိုတာမျိုး ပြောရမယ့် သဘောဖြစ်နေတယ်လို့ Chin Civic Movement-CCM မှ Edward က ပြောပါတယ်။

“ရှေ့မှာ တော်လှန်ရေး တစိုက်မတ်မတ်လုပ်လာတဲ့ ဝါရင့်အဖွဲ့အစည်းကလည်း အလျော့ပေးတဲ့ အခင်းအကျင်းတွေ၊ နားလည်းပေးတဲ့ အခင်းအကျင်းတွေ မရှိသလို ၊ နွေဦးတော်လှန်ရေးနဲ့ ပေါ်ပေါက်လာတဲ့ အဖွဲ့တွေမှာလည်းပဲ ဒီလိုကိစ္စ ပေါ်မှာ ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတဲ့ အချင်းချင်းကြားထဲမှာ လုပ်တဲ့ဟာမျိုး မတွေ့ရပဲနဲ့၊ “စင်ပြိုင်” ဖြစ်လာခြင်းက တော်တော်လေး စိတ်မကောင်းစရာ ဖြစ်တယ်” လို့ Edward က ပြောပါတယ်။

အချင်းချင်းကြား သွေးထွက်သံယိုမှုတွေအပါအဝင် ဖြစ်လာမယ့် ကိစ္စတွေကို နှစ်ဖွဲ့စလုံးက တာဝန်ခံရမှာ ဖြစ်တယ်လို့ သူက သတိပေးပါတယ်။
တော်လှန်ရေးကာလ လက်ရှိချင်းအခင်းအကျင်းဟာ ချင်းပြည်တည်ဆောက်နေမှု မဟုတ်ဘဲ နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားကိုပဲ တည်ဆောက်နေကြ (Institutionalize) တာဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ ချင်းလဲန်းကောင်စီ အဖွဲ့ဝင်နဲ့ ချင်းညီနောင်အဖွဲ့ဝင်တွေရဲ့ ထိန်းချုပ်နယ်မြေတွေဟာ တခုနဲ့ တခု ထပ်နေတာ (Overlapping) မျိုး ရှိနေသလို ချင်းမိသားစုဝင် တခုထဲက သားသမီးတွေဟာ နှစ်ဖက်အင်အားစု တွေမှာ တပြိုက်နက် ဝင်ရောက်ပြီး လက်နက်ကိုင်တော်လှန်နေမှုများလည်း ရှိနေတယ်လို့ ချင်အင်အားစုတွေထံမှ သိရပါတယ်။

“ဒီပုံစံအတိုင်းဆိုရင် နောက်ဆုံး မြို့တွေ၊ ရွာတွေကအစ တခြမ်းစီဖြစ်ကုန်မယ်” လို့ Edward က ပြောပါတယ်။

အစိုးရအဖွဲ့တွေ အပြိုင်ဖြစ်လာရင် နှစ်ဖက်စလုံးက အုပ်ချုပ်ရေးတွေကို အပြန်အလှန် အသိအမှတ်ပြုပေးဖို့လိုလာပြီး အဲလိုမလုပ်နိုင်ရင် ဒီထက်မက စစ်ရေးတင်းမာမှုတွေ ရှိလိမ့်မယ်လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်ကလည်း သတိပေးပါတယ်။

ချင်းပြည်မှာ အစိုးရ နှစ်ရပ်ဖြစ်လာရင် လူထုရဲ့ ဖြတ်သန်းသွားလာမှုတွေ၊ ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်မှုတွေ၊ အခွန်ကိစ္စတွေ အပါအဝင် ယန္တရာလည်ပတ်မှု ၂ ခုရဲ့ အရာတွေကို ချင်းလူထုက ရင်ဆိုင်ကြုံတွေ့လာရဖွယ်ဖြစ်ပါတယ်။

ဟားခါး၊ တီးတိန်နဲ့ ကန်ပက်လက်အပါအဝင် မြို့ပေါ်ကို ထိန်းချုပ်ထားနိုင်တဲ့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်အစိုးရလည်း ထပ်မံတည်ရှိနေပါသေးတယ်။

ICNCC နဲ့ ချင်းညီနောင်က အစိုးရသစ် မဖွဲ့ခင်မှာ နှစ်ဖက်အဖွဲ့တွေ အားလုံးက လိုလားတဲ့ အခင်းအကျင်းတစုံကို အမြန်ဆုံး ဆုံမှတ်ရှာပြီး အပေးအယူ ကောင်းကောင်းနဲ့ လုပ်ဖို့ လိုအပ်နေတယ်လို့ ချင်းအရပ်ဖက်အဖွဲ့တွေက တိုက်တွန်းပါတယ်။

ချင်းညီနောင်ဘက်က ချာတာ Charter ထွက်ပေါ်လာရင် ချင်းလဲန်းကောင်စီရဲ့ ဖွဲ့စည်းအခြေခံ ဥပဒေနဲ့အတူ ချဉ်းကပ်ပြီး ချင်းအင်အားစုတွေကြား သဘောထား ကွဲလွဲမှုတွေ၊ ကိုယ့်ရဲ့အမြင် ကိုယ့်ရဲ့ရပ်တည်ချက်တွေကို လူထုကြားထဲမှာ ပွင့်လင်းမြင်သာစွာချပြကာ ညှိနှိုင်းမှုလည်း ဖြစ်လာနိုင်တယ်လို့ ဆလိုင်းပေါလ်က ရှုမြင်ပါတယ်။

“ချင်းပြည်ရဲ့အုပ်ချုပ်ရေးယန္တရားဟာ ပြည်သူလူထုကို တော်လှန်ရေးကာလမှာ Service (ဝန်ဆောင်မှု) ကောင်းကောင်း ပေးနိုင်တဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကို ဖော်ဆောင်နိုင်ဖို့ပဲ ဖြစ်သင့်တယ်” လို့ ဆလိုင်းပေါလ်က ပြောပါတယ်။

ချင်းအင်အားစုတွေကြား အက်ကြောင်းထင်လာကတည်းက ချင်းအရပ်ဖက်အဖွဲ့အစည်းနဲ့ ချင်းလူထုက ပေါင်းစည်း ညီညွတ်ကြဖို့ အထပ်ထပ်သတိပေးကြပေမယ့် ချင်းကာကွယ်ရေးအဖွဲ့တွေဟာ လျစ်လျူရှုခဲ့ကြတယ်လို့ ချင်းဒေသခံ တချို့နှင့် အရပ်ဖက်အဖွဲ့အစည်းတချိုက ပြောပါတယ်။

ကိုဆလိုင်းဗန်ထောလို ပြည်သူတွေကတော့ ချင်းတော်လှန်ရေးအင်အားစုနှစ်ဖက်စလုံးဟာ သူတို့ကို အခုချိန်ထိလည်း လစ်လျူရှုနေကြတယ်လို့ ဆိုကြပါတယ်။

လက်နက်မကိုင်ပဲ စင်ပြိုင်အစိုးရ ပေါ်လာရင် လူထုဆန္ဒခံယူမှုနဲ့ သွားလို့ရပေမယ့် လက်နက်ကိုင် တော်လှန်ရေး ကာလမှာ လူထုက နီးရာ ဓါး ကြောက်ရသလိုဖြစ်တဲ့ အခြေအနေဖြစ်လာရင် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလို့ ချင်းပြည်သူတချို့က ပြောပါတယ်။…….။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.