ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ အသက် ၄၃ နှစ်အရွယ် ဒေါ်နန်လောင်ခမ်းသည် ပျေက်ဆုံးသွားသော ယောက်ျားဖြစ်သူ ကျောင်းအုပ်ဆရာကြီးကို တောထဲသို့လိုက်ရှာရင်း မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။
အဘောင်သားကျေးရွာမှ မူလတန်းကျောင်းအုပ်ဆရာကြီး ဦးခိုင်အေးသည် သြဂုတ်လ ၂၁ ရက်နေ့က တောထဲသို့ မျှစ်ရှာသွားရာမှ နေအိမ်သို့ပြန်မလာနိုင်သည့်အတွက် သြဂုတ်လ ၂၄ ရက် မနက်ပိုင်းတွင် ဇနီးဖြစ်သူက တောထဲကို တစ်ယောက်တည်း သွားရောက်ရှာဖွေရာတွင် မိုင်းနင်းမိ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ပလက်၀ဒေသခံများထံမှ သိရသည်။
“ကျောင်းအုပ်ဆရာကြီးပေါ့ သူက မျှစ်ခူးဖို့သွားရင်နဲ ပျောက်သွားတယ် ဗုဒ္ဓဟူးနေ့မနက်မှာ ပျောက်သွားတဲ့ သူ့ယောက်ျားကို သူ့အမျိုးသမီးကသွားရှာတာ အဲဒီမှာ မိုင်းထိပြီးတော့ ချက်ချင်းဆုံးသွားတယ်” ဟု ပလက်၀ဒေသခံတစ်ဦးက ပြောသည်။
အဘောင်သားကျေးရွာ အနီးတဝိုက်သည် ရက္ခိုင့်တပ်တော် (အေအေ) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့် ဒေသဖြစ်ပြီး အခင်းဖြစ်ပွားသည့် မနက်ပိုင်းကလည်း ဒေါ်နန်လောင်ခမ်းကို ရွာသာများ မသွားရန်ပြောခဲ့သော်လည်း တစ်ယောက်တည်းထွက်ရှာရင်း ယခုကဲ့သို့အဖြစ်ဆိုးနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။
ဒေါ်နန်လောင်ခမ်းတွင် အလယ်တန်းအရွယ်သားနှစ်ဦးနှင့် ခြောက်နှစ်အရွယ် သမီးလေးတစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။
ကျောင်းအုပ်ဆရာကြီး ဦးခိုင်အေးသည် သြဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းတွင် ကျန်းမာစွာနှင့် နေအိမ်ပြန်လည်ရောက်ရှိလာပြီး ၎င်းကို ရက္ခိုင့်တပ်တော်က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။
ယမန်နေ့ကလည်း ယင်းအဘောင်သားကျေးရွာအနီးတဝိုက်တွင် အေအေနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ကူခဲ့ရာ အဘောင်သားကျေးရွာအထဲသို့ ကျရောက်မှုရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ယခုလက်ရှိတွင် အဘောင်သားကျေးရွာသားများသည် ပလက်ဝမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း သိရသည်။