ကလေးမြို့မြောက်ပိုင်း ပြည်တော်သာကျေးရွာအနီးတွင် ယနေ့ညနေပိုင်းက အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးသွားသည်ဟု သိရသည်။
သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ခန့်ရှိသော Nu Hau Kum Mang ဟု သိရပြီး ရွာအဝင်လမ်းတွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု သိရသည်။
မိုင်းကြောင့် ညာဘက်ခြေထောက်ပြတ်ထွက်သွားပြီးနောက် သွေးထွက်လွန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသတွင်း မီဒီယာ Zofa Journal ကဖော်ပြသည်။
ကလေး-လက်ပံချောင်းကားလမ်းမပေါ်တွင်တည်ရှိသော ပြည်တော်သာကျေးရွာတွင် ဧပြီလ ၃၀ ရက်နေ့ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာနေအိမ်များကို မီးတင်ရှို့ခဲ့သည်။
မေလ ၂ ရက်နေ့တုန်းကလည်း ပြည်တော်သာရွာထဲကျန်ခဲ့သော မသန်စွမ်းအမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။
ဒေသခံပြည်သူများအားလုံးမှာ ဘေးလွတ်ရာတောတောင်များတွင် စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။