ချင်းပြည်နယ် မရာနယ်မြေအတွင်း ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးများကို ယခုဇူလိုင်လကစ၍ ငွေကြေးထောက်ပံ့ပေးမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MATC က ထုတ်ပြန်သည်။
ပထမအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MATC ၏ ဒေသန္တရအုပ်ချုပ်ရေးမှ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ ပိုမိုစီမံဆောင်ရွက်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် တိုက်နယ် (၆) ခု ကျေးရွာပေါင်း ၆၄ ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ အားလုံးကို ဇူလိုင်လ (၃၀) ရက်နေ့မှ စတင်ပြီး ဒီဇင်ဘာလ (၃၀) ရက်နေ့ (၆)လတာအတွင်း ရုံးသုံးနှင့်အထွေထွေအသုံးစားရိတ်အဖြင့် တစ်လလျှင် အိန္ဒိယရူပီး ၁၅၀၀ (မြန်မာကျပ်ငွေ ၅၀၀၀၀) ပံ့ပိုးကူညီသွားတော့မည်ဖြစ်ကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MATC က ထုတ်ပြန်သည်။
“အခု ကျနော်တို့က ဇူလိုင်လကုန်လို့ရှိရင် ပြည်သူ့ညီလာခံပထမသက်တမ်းအတွင်းမှာ ဇူလိုင်ကနေ ဒီဇင်ဘာလအထိ ကို တိုက်နယ်အုပ်ချုပ်ရေးမှူး ၆ ဦးရယ် ကျေးရွာအုပ်ချုပ်ရေးမှူး ၆၄ ဦးပေါ့ အဲဒါတွေကို ကျနော်တို့က အိန္ဒိယရူပီးနဲ့ ၁၅၀၀ စီကို လစဉ်လစဉ်ထောက်ပံ့ပေးဖို့ဆုံးဖြတ်ထားတာပေါ့” ဟု MATC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မရာနယ်မြေဆိုသည်မှာ ချင်းပြည်နယ် ထန်တလန်၊ မတူပီနှင့် ပလက်၀ စသည့် မြို့နယ် ၃ မြို့နယ်အတွင်းရှိ မရာမျိူးနွယ်စုများနေထိုင်ကြသောကျေးရွာများကိုဆိုလိုပြီး ရွာပေါင်း ၆၄ ရွာရှိသည်ဟု သိရသည်။
ယခုလက်ရှိတွင်လည်း မရာနယ်မြေအတွင်းရှိ ကျေးရွာပေါင်း ၅၀ ကျော်တွင် အလယ်တန်းအထိ ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ပြီဟုလည်း သိရသည်။
“၆၄ ရွာရှိသည့်အနက် ၅၂ ရွာမှာ အလယ်တန်းထိ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ပြီး ကျောင်းသူ/ကျောင်းသား ၃၀၀၀ ကျော်ရှိပါယ်။ ပြီးတော့ CDM ဝင် ကျောင်းဆရာ/မ အယောက် ၅၀ နဲ့ စေတနာဝန်ထမ်းအယောက် ၁၅၀ လောက်ရှိတယ်” ဟု MATC တာဝန်ခံက ပြောသည်။
မရာနယ်မြေအတွင်း ကလေးငယ်များအား ကျောင်းပညာသင်ကြားပေးသော CDM ဝင်ဆရာ/မများကို တစ်လလျှင် ကျပ်တစ်သိန်း ထောက်ပံ့ကြေးပေးကာ စေတနာဝန်ထမ်းများကိုလည်း ၇၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးနေကြောင်း သိရသည်။
ဒုတိယအကြိမ် မရာပြည်သူ့ညီလာခံကို ၂၀၂၃ ခုနှစ်တွင် ပြန်လည် ခေါ်ယူကျင်းပမည်ဖြစ်ပြီး မရာပြည်သူ့ညီလာခံသည် မရာပြည်သူလူထုကို ကိုယ်စားပြုသည့် အမြင့်ဆုံးသော အာဏာတည်ရှိရာနေရာဖြစ်ကြောင်း MATC အဖွဲ့က ထုတ်ပြန်ထားသည်။