ချင်းပြည်နယ် ဖလမ်းမြို့အနီးရှိ စစ်ကောင်စီတပ်ဖွဲ့၏ ဗာရ်းစခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၄ ဦးသေဆုံးကာ ၁၁ ယောက်အရှင်ဖမ်းဆီးခေ ါ်ဆောင်သွားသည်ဟုသိရသည်။
ဗာရ်းစခန်းကို ယင်းနေ့ မနက်ပိုင်း လင်းအားကြီးချိန် ၅ နာရီခန့်တွင် CNDF တပ်ဖွဲ့က အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ကာ တစ်နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စခန်းကိုသိမ်းပိုက်နိုင်ခဲ့ကြပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄ ယောက်သေဆုံးကာ ၁၁ ယောက်ကိုအရှင်ဖမ်းဆီးရမိသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံငိုင်းက ပြောသည်။
“ဗာရ်းစခန်းကို မနက် ၅ နာရီလောက်ကနေစပစ်တာ တစ်နာရီခွဲလောက် ဆက်တိုက်ပစ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ ဗာရ်းစခန်းကို သိမ်းပိုက်နိုင်တယ်၊ စစ်ကောင်စီဘက်က အကျဆုံးတော်တော်များများရှိတယ်၊ ပြီးတော့ စစ်ကောစီတပ်သား ၁၁ ယောက်လောက်ကို အရှင်ဖမ်းမိရတာတွေလည်းရှိတယ်၊ လက်နက်တစ်ချို့လည်း သိမ်းဆည်းရမိတာလည်း ရှိတယ်ပေါ့နော်။ ကျွန်တော်တို့ဘက်ကတော့ မိုင်းမတော်တစဖြစ်ပြီးတော့ ကျသွားတာရှိတယ်။” ဟု ဆလိုင်းကျူံငိုင်းက ပြောသည်။
ကလေး-ဖလမ်းကားလမ်းမပေါ် မဏိပူရမြစ်နဘေးတွင်တည်ရှိသော ဗာရ်းကျေးရွာတွင် အင်အား ၃၀ ခန့်ဖြင့် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ခရီးသားပြည်သူများနှင့် ဒေသခံများအတွက် အနှောက်အယှက်ဖြစ်သည့်အတွက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆလိုင်းကျူံငိုင်း ကပြောသည်။
“ဒီဗာရ်းစခန်းဆိုတာက ပြည်သူလူထုကို တော်တော်အနှောက်ယှက်ပေးတဲ့စခန်းဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အတင်း ပိုက်ဆံကောက်တာမျိုးတွေ၊ ပြည်သူလူထုတွေ အကြပ်တည်းဖြစ်အောင် လုပ်တဲ့အတွက်လည်း ဖြစ်တယ်ပေါ့နော်။ ဒီလမ်းမကြီးပေါ်မှာရှိတဲ့အတွက် အနှောက်ယှက်တော်တော်ဖြစ်တယ် အဲ့တာကြောင့် ကျွန်တော်တို့ တိုက်တာပါ။” ဟု ဆလိုင်း ကျူံငိုင်းကပြောသည်။
ယင်းစခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CNDF ဘက်ကတော့ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်ဟု သိရသည်။
ထို့အပြင် ဗာရ်းကျေးရွာက အသက် ၄၉ အရွယ် ရွာသူကြီး ဦး Hram Hu သည် ကျည်ဆံထိမှန်မှုကြောင့် သေဆုံးခဲ့ရပြီး ဒေသခံရွာသားအားလုံးသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။