ချင်းပြည်နယ် ဖလမ်းမြို့နယ် လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်သွားမည်ဟု ချင်းပြည်အစိုးရကထုတ်ပြန်သည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခွဲမှာ လုမ်သဲပြည်သူ့ဆေးရုံကို စစ်ကောင်စီကလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အဦး နှင့် အနီးနားကပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့်အပြင် ကျန်းမာရေးဝန်ထမ်း ၂ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု ချင်းပြည်အစိုးရက နိုဝင်ဘာလ ၂၇ ရက်နေ့ညက ထုတ်ပြန်သည်။
စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများ မှီခိုအားထားနေရသော ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး ချင်းပြည်က အပြစ်မဲ့ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ကို နေ့စဉ်နှင့်အမျှ ခြိမ်းခြောက်သည့်အပြင် လူမျိုးတုံးသတ်ဖြတ်မှုများကို ရက်ရက်စက်စက် ကျူးလွန်နေသည်ဟု ချင်းပြည်အစိုးရကပြောသည်။
လုမ်သဲဆေးရုံဗုံးကြဲခံရမှုနှင့် အပြစ်မဲ့ပြည်သူများသေဆုံးမှုအပေါ် လွန်စွာဝမ်းနည်းကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်သွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သောအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကိုလည်း ပြင်းထန်စွာ အရေးယူသွားမည်ဟု ချင်းပြည် အစိုးရက ထုတ်ပြန်ထားသည်။